ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်အုပ်စုအား ကာကွယ်ရေးတပ်ဖွဲ့စောင့်ကြို တိုက်ခိုက်၊ သေဆုံးမှုများနိုင်

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်အုပ်စုအား ကာကွယ်ရေးတပ်ဖွဲ့စောင့်ကြို တိုက်ခိုက်၊ သေဆုံးမှုများနိုင်

မေ ၂၈

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်ရှစ်စီးအား ကနီမြို့နယ်အတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ကြောင်း Kani Chindwin Revolution Force မှ မေလ ၂၇ ရက် ယမန်နေ့က ကြေညာခဲ့သည်။

မေလ ၂၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မြွေပိုင်းတောင်တွင် အသင့်စောင်ကြိုနေရာယူ၍ ဒေသ တွင်းမဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်ကာ အရေအတွက်မသိရှိရသော်လည်း ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း ဆိုသည်။

ယင်းတိုက်ပွဲအား KCDFR နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီ)တပ်ရင်း (၁) ၊ KUG ၊ KGF ၊ DRPA ၊ ကျောက်လုံးကြီးနယ်မြေပကဖနှင့်အတူ ပုလဲနဂါး MRDA တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆို သည်။

“စစ်ကောင်စီတပ်တွေက ရေယာဉ်တွေကမ်းကပ်ပြီး ရွာတွေကိုမီးရှို့နေသလို မြေပြင်မှာလည်း ရှေ့က လမ်းကြောင်းရှင်းပြီး ရေယာဉ်တွေကနောက်ကနေ ဖြေးဖြေးချင်းစုန်နေတာ” ဟု KCDRF မှ ရဲဘော်တစ်ဉီး ကပြောသည်။

ယမန်နေ့က ကင်းကျေးရွာနှင့် ကဲဒေါင်ကျေးရွာတို့အား မီးဝင်ရှို့ခဲ့ပြီး မော်တော်များမှာ အိုင်သာရွာတွင် ရောက်ရှိနေကြောင်းနှင့် မြေပြင်တွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး အင်တာနက် နှင့်ဖုန်းလိုင်းများ ဖြတ် တောက်ထားသည့်အတွက် အခြေအနေအသေးစိတ်အား သိရှိရခြင်းမရှိသေးကြောင်း ဆိုသည်။

ယင်းရေယာဉ်ရှစ်စီးသည် ကျောက်စိမ်းများတင်ဆောင်လာကြောင်း သတင်းများ သိရှိရသော်လည်း မဇ္စျိမ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးရရှိသော သတင်းများအရ မေလ ၂၈ ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် အုံးမ ကျေးရွာအားမီးရှို့နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

#Mizzima

#ချင်းတွင်းမြစ်

#စစ်ကောင်စီရေယာဉ်အုပ်စု

#ကျေးရွာမီးရှို့

#ကနီမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly