စစ်အာဏာရှင် ပြုတ်ကျရေး KNU နှင့် NLD တွေ့ဆုံဆွေးနွေး

စစ်အာဏာရှင် ပြုတ်ကျရေး KNU နှင့် NLD တွေ့ဆုံဆွေးနွေး

မေ ၂၈

ကရင်အမျိုးသား အစည်းရုံး (KNU) ထိပ်ပိုင်း တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိသူများ မေလ ၂၇ ရက်နေ့တွင် အွန်လိုင်းက တစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးနှင့် စစ်အာဏာရှင် ဖြုတ်ချရေး အတွက် လက်တွဲ ကြိုးပမ်း ဆောင်ရွက်ရမည့် အချက် နှစ်ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် KNU ပြောခွင့်ရ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

“ဒီတစ်ကြိမ် ထပ်တွေ့တယ် ဆိုတာက ပုံမှန်အတိုင်း ထပ်တွေ့တာပါ။ နောက်ပြီးတော့ လုပ်ဆောင်နိုင်တဲ့ ဟာတွေ အကုန်လုံးကို လုပ်ဆောင်သွားပါမယ်။ အဓိကတော့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဒီနှစ်ဖွဲ့က လက်တွဲချိတ်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ တစ်ချက်၊ နောက်ပြီးတော့ လက်ရှိမှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်။ ဒါက အဓိကအရေးကြီးတယ်” ဟု ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသား အစည်းရုံး (KNU) ထိပ်ပိုင်း တာဝန်ရှိသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိသူများ အကြား ယခုတွေ့ဆုံမှုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် တတိယ အကြိမ်မြောက်လည်း ဖြစ်သည်။

ဆွေးနွေးပွဲကို KNU ဘက်က ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ အမြဲတမ်း ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုစောတောနီး၊ ပဒိုစောတနာထူးစော၊ ပဒိုစောအယ်ကလူဆေး တို့ တက်ရောက်ခဲ့ပြီး NLD ဘက်က ပါတီဗဟိုအလုပ်ကော်မတီ (CWC) ဦးအောင်ကြည်ညွန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုတွေ့ဆုံဆွေးနွေးမှုသည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် စစ်အာဏာရှင် ဖြုတ်ချရေး အတွက် အလားအလာကောင်းသည့် တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပြီး နောက်ထပ်လည်း ပုံမှန် တစ်လ တစ်ကြိမ်ခန့် တွေ့ဆုံနိုင်အောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် NLD မပါဝင်တော့ဘဲ မိတ်ဖက် ဆက်ဆံရေး အနေဖြင့်သာ ဆက်ရှိနေမည်ဆိုသည့် အကြောင်းအရာများ ကိုလည်း ယခုတွေ့ဆုံမှုတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်ယာကျေးရွာကို စစ်တပ်က မီးရှို့ခဲ့သည့်မြင်ကွင်း (CJ)

#Mizzima

#KNU

#NLD

#NUCC

#ဖက်ဒရယ်ပြည်ထောင်စု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required