အောက်ချင်းငှက်မိသားစုအတွက် အမှန်တရား

By ဆလိုင်းမောင်မောင်
28 May 2022
အောက်ချင်းငှက်မိသားစုအတွက် အမှန်တရား
   ဓာတ်ပုံ (၁-၄)ကလေးမြို့နယ်နှင့် ချင်းတောင်ခြေဒေသမှ အရပ်သားနေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးထားသည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ

မေ ၂၈

ဝန်းကျင်တစ်ခုလုံးမှာ သေနတ်သံ၊ ဗုံးသံတွေ ဆူညံနေပြီး နေအိမ်အဆောက်အအုံတွေ မီးလောင်တိုက်သွင်းခံနေရချိန်မှာ ချင်းတောင်ခြေတစ်နေရာက အမျိုးသမီးသုံးဦးရဲ့ နောက်ဆုံးထွက်သက် စူးစူးဝါးဝါး ဟစ်အော်ငို​ကြွေးလိုက်သံကို ဘယ်သူကမှ သဲ့သဲ့လေးတောင်မကြားလိုက်ကြရပါဘူး။

လူတွေတင်မဟုတ် ခွေးတွေ၊ကြောင်တွေ၊ဝက်တွေလို အိမ်မွေးတိရစ္ဆာန်တွေ၊ ကြက်တွေ၊ငှက်တွေပါ ကိုယ့်အိမ်၊ကိုယ့်ယာ၊ကိုယ့်အသိုက်အမြုံကို ကျောခိုင်းပြီး မီးညွန့်နဲ့ဝေးရာ သုတ်ချေတင်ထွက်ပြေးနေခဲ့ကြရတဲ့ လောင်မီးကျအဲ့ဒီနေ့က ဒေါ်ငွန်ဇာလျန်တို့ သားအမိသုံးယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်လက်ကနေ လွတ်အောင် အသက်လုထွက်ပြေးနေခဲ့ရပါတယ်။

ဓာတ်ပုံ (၁-၄)ကလေးမြို့နယ်နှင့် ချင်းတောင်ခြေဒေသမှ အရပ်သားနေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးထားသည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ

ဒါပေမယ့်လည်း လူနေအိမ်တွေကို စိတ်ရှိလက်ရှိ မီးလောင်တိုက်သွင်းရင်း ကိုယ်တိုင်လည်း ရမ္မက်မီးတောင်လောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်မှာ ဒေါ်ငွန်ဇာလျန်တို့ သားအမိသုံးယောက်စလုံးအဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေါ်ငွန်ဇာလျန်တို့ သားအမိသုံးယောက်စလုံးကို ဖမ်းဆီးသွားခဲ့တယ်။ နောက်ရက်ကျတော့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေအဖြစ်သာ ဒေါ်ငွန်ဇာလျန်တို့ သားအမိတွေကို ဒေသခံတွေ ပြန်ရှာတွေ့ခဲ့တယ်။

ဒီဖြစ်ရပ်ဟာ နွေဦးတော်လှန်ရေးအတွက် လူထုက လက်နက်ကိိုင်တော်လှန်ခဲ့တဲ့အချိန်ကနေ ဒီနေ့ဒီအချိန်အထိ စစ်ကောင်စီကအငြိုကြီး အကြမ်းဖက်ဖျက်ဆီးနေတဲ့ ကလေးမြို့နယ် ချင်းတောင်ခြေ တစ်နေရာမှာ ပြီးခဲ့တဲ့ဖေ​ဖော်ဝါရီလက အမှန်တကယ်ဖြစ်ခဲ့တာပါ။ ကလေးမြို့သားတွေနဲ့ချင်းတောင်ခြေဒေသခံတွေ နာနာကျည်းကျည်း သတိရနေတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံအနှံ့ မြောက်များစွာသော သတင်းဖြစ်ရပ်ဆိုးတွေကြားမှာ လူမသိသူမသိဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုလို့လည်း သူတို့(ဒေသခံတွေ) က ဆိုပါတယ်။

(ဒီဆောင်းပါးအတွက် မြေပြင်ကအချက်အလက်တွေ၊တကယ့်အဖြစ်အပျက်တွေကို လူအမည်တွေ၊ ဖြစ်ပျက်ခဲ့တဲ့ ရက်စွဲအတိအကျနဲ့ တကွ ဒေသခံတွေက အတည်​ပြုပြောပြထားကြတာပါ။ သတင်းရင်းမြစ်အချို့ရဲ့ လုံခြုံရေးအတွက် အမည်တွေကို ချပ်လှပ်ထားပါတယ်)

- ချင်းတောင်ခြေမှာ ဘာတွေ ​ဖြစ်ခဲ့သလဲ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၂၂)ရက်၊ အင်္ဂါနေ့။ ကလေးမြို့နယ်ကနေ ချင်းတောင်ဘက်တက်ရာလမ်းက အချက်အချာကျတဲ့ ချောင်းခွရွာဘက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေ ပစ်ဖောက်ပြီး ဘီးလူးသရဲစီးသလို ချီတက်လာခဲ့ကြပါတယ်။ ချောင်းခွရွာနဲ့ အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ နတ်ချောင်းရွာ၊ နတ်မြောင်းရွာတွေကိုလည်း စစ်ကောင်စီတပ်က အဝေးကနေ လက်နက်ကြီးနဲ့ ထုနေသလို မြေပြင်မှာလည်း နေအိမ်တွေကိုမီးရှိုပါတယ်။

ကမ္ဘာပျက်သလို ဖြစ်နေတဲ့ အဲ့ဒီနေ့က နတ်ချောင်း၊နတ်မြောင်းနဲ့ ချောင်းခွရွာသားတွေဟာ ရွာအစွန်တောင်ယာတကြောမှာ အလျဥ်းသင့်သလို ဆောက်ထားတဲ့ ယာယီစစ်ဘေးရှောင်တဲအိမ်စုတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။

ချောင်းခွရွာသူ ဒေါ်ငွန်ဇာလျန်ကလည်း သမီးနှစ်ဦးဖြစ်တဲ့ မချန်းနွန်ကြွန်းနဲ့ မငွန်ဇာချန်းတို့လက်ကိုဆွဲပြီး စစ်ဘေးရှောင်စခန်းရှိရာဘက်ကို သုတ်ခြေတင် ထွက်ပြေးလာခဲ့ကြပါတယ်။ ရွာကနေ နှစ်မိုင်ခန့်သာဝေးတဲ့ စစ်ဘေးရှောင်ယာယီတဲဆီ မရောက်ခင်မှာဘဲ ဒေါ်ငွန်ဇာလျန်တို့သားအမိတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပက်ပင်းတိုးခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေါ်ငွန်ဇာလျန်တို့သားအမိသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်။

စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ သားအမိသုံးဦးမှာ သမီးငယ်အသက်က ၁၄နှစ်၊အကြီးမက ၁၆နှစ်နဲ့ ဒေါ်ငွန်ဇာလျန်ကိုယ်တိုင်က အသက် ၄၀ သာရှိသေးတာပါ။ အပျိုပေါက်အရွယ် လှသွေး​ကြွယ်နေတဲ့ သမီးနှစ်ဦးနဲ့ အတူ ဒေါ်ငွန်ဇာလျန်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ သတင်းကို ကြားကြားချင်းပဲ ချောင်းခွဒေသခံတွေ တောက်တခေါက်ခေါက်နဲ့ ဝမ်းနည်းနာကျည်းခဲ့ကြတယ်။ ရှေ့မှာ ဘာဆက်ဖြစ်မယ်ဆိုတာ အတိအကျမသိကြပေမယ့် ဒေါ်ငွန်ဇာလျန်တို့သားအမိသုံးယောက်စလုံး ကံဆိုးမိုးမှောင်ကျတော့မယ်ဆိုတာ ချောင်းခွရွာခံတွေသာမက နတ်ချောင်း၊ နတ်မြောင်းဒေသခံတွေပါ ကြိုသိနေကြပါတယ်။နတ်ချောင်းရွာဒေသခံ ၂၀ ဦးထက်မနည်းကို မကြာသေးခင်ကမှ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဘယ်သမ္မာဒေဝနတ်ကောင်းနတ်မြတ်ကမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ ဒေသခံတွေကတထစ်ချ ယုံကြည်ထားကြပါတယ်။(ကလေးမြို့နယ် နတ်ချောင်းရွာကို ၂၀၂၁ခု နှစ် ဒီဇင်ဘာလထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းရော မြေပြင်ကပါ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်အတွင်း အမျိုးသမီးကြီးတွေ၊သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ၂၀ဦးထက်မနည်းကို သတ်ဖြတ်သွားခဲ့တာလည်းဖြစ်ဖူးပါတယ်)။

ဓာတ်ပုံ (၁-၄)ကလေးမြို့နယ်နှင့် ချင်းတောင်ခြေဒေသမှ အရပ်သားနေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးထားသည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ

ရွာနဘေးမှာ ဟိုတစ်စု ဒီတစ်စု ပြန့်ကျဲနေတဲ့ ယာယီတဲအိမ်လေးတွေထဲက စစ်ရှောင်တွေ အားလုံးဟာ ဒေါ်ငွန်ဇာလျန်တို့အတွက် စိတ်ပူရုံ၊ဝမ်းနည်းရုံပဲတတ်နိုင်ကြပါတယ်။ ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုခွင့်ရဖို့ နေနေသာသာ လမ်းပေါ် မြင်သမျှ ယောကျ်ားသားတွေကို ပစ်သတ်နေတဲဲ့ စစ်သားတွေဆီကို ဘယ်သူမှ သွားမတွေ့ရဲပါဘူး။

ချောင်းခွရွာသားတွေဟာဒေါ်ငွန်ဇာလျန်တို့သားအမိကို ဖေဖော်ဝါရီ ၂၃ရက်တစ်နေကုန် တိုးတိုးတိတ်တိတ် လိုက်ရှာခဲ့ကြတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန်မို့ ရွာနီးချုပ်စပ်တစ်ဝိုက်ပဲ ရှာရဲခဲ့ကြတယ်။ ဖေဖော်ဝါရီ ၂၄ရက်မှာတော့ ချောင်းခွရွာရဲ့ စစ်ကောင်စီ စခန်းချသွားခဲ့ရာတစ်နေရာမှာ ဒေါ်ငွန်ဇာလျန်တို့သားအမိသုံးယောက်စလုံးရဲ့ မီးလောင်ကျွမ်းနေတဲ့အလောင်းတွေကိုသာ ပြန်တွေ့ခဲ့ကြရပါတယ်။

"ယူကျုံးမရဖြစ်ရတယ်။သတင်းမှားဖြစ်စေချင်တာလေ"

ဒေါ်ငွန်ဇာလျန်တို့သားအမိတတွေကို စစ်ကောင်စီက အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် မိန်းမသားတစ်ဦးအနေနဲ့ စိတ်ခံစားမှုကို ချောင်းခွကျေးရွာက အမျိုးသမီးတစ်ဦးက ပြန်ပြောပြတာပါ။ သတင်းမှား ဖြစ်စေချင်ခဲ့ပေမယ့် မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ရချိန်မှာတော့ ကလေးနယ်တစ်ဝိုက် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို နောက်ထပ်တစ်ကြိမ် မျက်ဝါးထင်ထင် တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

" သားအမိသုံးယောက်စလုံး မီးရှို့အသတ်ခံရတယ်။ မီးမရှို့ခင် အဓမ္မပြုကျင့်သွားတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဓမ္မပြုကျင့်ပြီး အလောင်းဖျောက်ဖျက်ချင်လို့ မီးရှို့သွားခဲ့ကြတာလို့ကျွန်တော် ယုံကြည်တယ်"ဟု ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

အပြစ်မဲ့ အမျိုးသမီးသုံးဦးကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုကို ဖော်ထုတ်အရေးယူနိင်ဖို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက အဲ့ဒီအချိန်ကတည်းက ကြိုးစားခဲ့ပါသေးတယ်။

" စစ်ဘေးရှောင်ပုန်းခိုနေရစဥ်တွင် စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)များက တွေ့ရှိသွားပြီး အပြစ်မရှိတဲ့ သားအမိသုံးယောက်၊မိန်းမသားချည်းသီးသန့်ဖမ်းဆီးခေါ်ဆောင်သွားကာ ပဲခင်းတောတစ်နေရာက တဲတစ်ခုမှာမီးရှို့ ထားခဲ့ကြတယ်။ စခမုဒိမ်းကောင်တွေရဲ့ လုပ်ရပ်ကို ကမ္ဘာကသိအောင် ချပေးကြပါဗျာ" ဟု ကလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဖေ့ဘွတ်စ် လူမှုကွန်ရက်ကတစ်ဆင့် အကူအညီတောင်းခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၂ခု နှစ် ဖေဖော်ဝါရီလဟာ စစ်ကိုင်းတိုင်းကို အပြီးသတ်ချေမှုန်းရေးလုပ်မယ်လို့ စစ်ကောင်စီက ကြွေးကြော်ခဲ့ပြီး လူထုတော်လှန်ရေးအားကောင်းတဲ့ မြို့တိုင်းကို အကြမ်းဖက်တိုက်ခိုက်တာတွေ၊ရွာလုံးကျွတ်မီးရှို့နေတာတွေစတဲ့ သတင်းများစွာအောက်မှာ ဒေါ်ငွန်ဇာလျန်တို့သားအမိရဲ့ ငယ်သံငယ်ရင်းပါအောင် အော်ဟစ်လိုက်တဲ့ နောက်ဆုံးထွက်သက်ငိုကြွေးသံကို လူ့အဖွဲ့အစည်းက သတိမမူမိခဲ့ကြပါဘူး။

" စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့နေချိန်ဆိုတော့ ဒီသားအမိသုံးယောက်ရဲ့ သတင်းက လူသိပ်မသိလိုက်ဘူး " လို့ ကလေးမြို့နယ် အမှတ်(၁)တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့နောက် တော်လှန်ရေးလမ်းစဥ်ကို တစိုက်မတ်မတ်လိုက်ခဲ့တဲ့ ကလေးမြို့ နည်းပညာတက္ကသိုလ်က ကထိက ဆရာမဒေါ်ရတီအုံးက" ပြန်လက်စားချေချင်မိတယ်။ အရက်စက်ဆုံးနည်းလမ်းတွေ သုံးပြီးတော့လေ။ ဒါပေမဲ့ စနစ်တစ်ခုလုံးပြောင်းမှ တရားဥပဒေစိုးမိုးမှ ဒီလိုကိစ္စတွေ ချုပ်ငြိမ်းမှာမို့ တော်လှန်ရေးအတွက် ပိုအားစိုက်ဖို့လိုတယ်လို့ တွေးပြီး ‌အားတင်းရတယ်" လို့ ရင်ဖွင့်ပါတယ်။

ချင်းတောင်ခြေတစ်နေရာက ဒေါ်ငွန်ဇာလျန်တို့သားအမိရဲ့ ငိုကြွေးသံကို သူ့ နှလုံးသားကတစ်ဆင့် ကြားနေရပြီး နောင်တစ်ချိန်မှာ ဥပဒေအရ အရေးယူနိုင်ရေးအတွက်လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

- မီးရှို့အလောင်းဖျောက်တာထက် ပိုတဲ့ ရည်ရွယ်ချက် စစ်ကောင်စီမှာ ရှိခဲ့သလား

ကလေးမြို့နယ်နဲ့ ချင်းတောင်ခြေဒေသဟာ ချင်းတိုင်းရင်းသားတွေနဲ့ဗမာတိုင်းရင်းသားတွေ အများဆုံး ရောထွေးယှက်တင် အခြေချရာဒေသတစ်ခုပါ။ စစ်ကောင်စီဖြုတ်ချရေးကို လူထုသပိတ်နဲ့တင် မရနိုင်တော့ဘူးလို့ ယုံကြည်ပြီး လက်နက်ကိုင်တုန့်​ပြန်ရေးလမ်းကို ပထမဆုံးစဖောက်ခဲ့တဲ့အထဲ ဒီဒေသလည်းပါပါတယ်။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနဲ့ လူမျိုး ကွာခြားပေမယ့် ဒေသခံလူငယ်တွေဟာ စုစည်းအားကောင်းကောင်းနဲ့ စစ်အာဏာရှင်တော်လှန်ရေးလမ်းကို ပြိုင်တူလျှောက်လှမ်းခဲ့ကြတယ်။

Standard Army လို့ ကိုယ့်ကိုယ်ကို ကြွားလုံးထုတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ တူမီးကိုင် လူငယ်ထုကို လေကြောင်းရော မြေပြင်ကပါ နှိမ်နင်းလို့ မနိုင်တော့တဲ့အဆုံး သူတို့သုံးနေကြ ခေါက်ရိုးကျိုးဗျူဟာတစ်ခုကို ချင်းတောင်ခြေနဲ့ ကလေးနယ်မှာ အသုံးပြုဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒါကတော့ ချင်းနဲ့ဗမာလူထုကို သွေးကွဲအောင်လုပ်ပြီး လူမျိုးရေးပဋ်ိပက္ခဖန်တီးဖို့ စစ်ကောင်စီက ကြိုးစားခဲ့တာပါ။

ဒေါ်ငွန်ဇာလျန်တို့သားအမိဟာ ချင်းတိုင်းရင်းသူတွေ ဖြစ်တာမို့ လူမျိုးရေးပဋိပက္ခမီးမွှေးဖို့အတွက် စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြန်ပြောပါတယ်။

" ကလေးမှာက ချင်းနဲ့ဗမာ ရောနေတော့လေ။တော်လှန်ရေးမှာ လူမျိုးရေးနဲ့ သွေးခွဲဖို့ စစ်တပ်က ကြိုးစားခဲ့တယ်။ ဒေါ်ငွန်ဇာလျန်တို့ကို သတ်ခဲ့သလိုပဲ ဒီမတိုင်ခင်ကလည်း ချင်းလူမျိုးနှစ်ဦးကို ဗမာရွာထဲရောက်မှ မီးရှို့သတ်ပစ်ခဲ့တယ်" ဟု ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

ချင်းတောင်ခြေမှာ ဗမာလူမျိုးအများဆုံးနေထိုင်တဲ့ အိုးမြေထူးရွာဆိုတာ ရှ်ိပါတယ်။ စစ်ကောင်စီတပ်တွေဟာ ချင်းလူမျိုးအမျိုးသားနှစ်ဦးကို ဖမ်းခေါ်လာပြီး အိုးမြေထူးရွာကိုရောက်မှ မီးရှို့သတ်ဖြတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ ဒေါ်ငွန်ဇာလျန်တို့သားအမိဖြစ်ရပ်ဆိုးမတိုင်မီ ရှေ့ရက်အနည်းငယ်မှာ ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ (၁-၄)ကလေးမြို့နယ်နှင့် ချင်းတောင်ခြေဒေသမှ အရပ်သားနေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးထားသည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ

ချင်းနဲ့ဗမာကို သွေးခွဲပြီး တော်လှန်ရေးရေချိန်ကျဆင်းအောင် စစ်ကောင်စီက ကြိုးစားခဲ့ပြီး ဒါဟာ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်း ဆရာမဒေါ်ရတီအုံးက သတင်းစကားပါးလိုက်ပါတယ်။

" ကလေးနယ်သာမကဘူး၊ စစ်ကိုင်းနဲ့ချင်းဒေသမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံး လူမျိုးဘာသာ မခွဲကြဘူး။ ချင်းတွေ ဗမာတွေ၊ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာတွေမခွဲခြားဘဲ တော်လှန်ရေးကို အတူတကွပူးပေါင်းပြီး လုပ်နေတာ။ သူတို့ဘယ်လိုပဲသွေးခွဲခွဲ အဲ့ဒီသွေးခွဲတာဟာ အခုအချိန်မှာ ဘယ်လိုမှ အကျိုးသက်ရောက်မှုမရှိဘူး"လို့ ဆရာမဒေါ်ရတီအုံးက ဆိုပါတယ်။

- နွေဦးတော်လှန်ရေးအလွန်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကလေးမြို့နယ်နဲ့ ချင်းတောင်ခြေဒေသကို ခွေးအ​တွေသားကောင်လိုက်သလို အုပ်စုလိုက်အကြမ်းဖက်နေတာမို့ ဒေသခံအရပ်သားတွေဟာ ကြောက်လန့်နေကြတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

ဒေါ်ငွန်ဇာလျန်တို့သားအမိဖြစ်ရပ်အတွက် ကာယကံရှင်မိသားစုဝင်တွေ၊ ဆွေမျ်ိိုးသားချင်းတွေကိုယ်တိုင်က နောက်ကြောင်းပြန်ပြောဖို့ ကြောက်ရွံနေကြပါတယ်။ ဒီဆောင်းပါးအတွက် မေးမြန်းဖို့ဆက်သွယ်ရာမှာတော့ "ဒေါ်ငွန်ဇာလျန်တို့အမျိုးတွေက ဒီအကြောင်း ဘာတစ်ခုမှ ပြန် မပြောရဲကြဘူး" ဆိုတဲ့ အဖြေကိုသာ ရခဲ့ပါတယ်။

ဘာလိုပဲဖြစ်ဖြစ် မတရားမှုကျူးလွန်သူတွေအနေနဲ့ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ သင်ခန်းစာကိုနောင်မျိုးဆက်ကို သက်သေပြနိုင်ဖို့အတွက် စစ်အာဏာရှင် အမြစ်ဖြတ်အောင်တိုက်ထုတ်သွားမှာဖြစ်သလို ဒေါ်ငွန်ဇာလျန်တို့သားအမိအတွက် အမှန်တရားကိုလည်း မဆုတ်မနစ်ရှာဖွေသွားမယ်လို့ ချင်းတောင်ခြေအရိပ်အောက်မှာ စစ်ကောင်စီကို အံတုပြီး တိုက်ပွဲဝင်နေသူတွေက သန္နိဋ္ဌာန်ချထားကြပါတယ်။

" ဒီအမှုက ပြီးသွားမှာ မဟုတ်ဘူး။ တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံတော် ပြန်လည်ထူထောင်တဲ့ကာလမှာ မှန်ကန်ပြီး တရားမျှတတဲ့နည်းလမ်းနဲ့ တာဝန်ရှိတဲ့ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ ကျွန်မတို့ မျှော်လင့်ထားတယ်" ဟု ဒီနေ့ဒီအချိန်မှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေပြီဖြစ်တဲ့ ဒေါ်သန့်ဝေကျော်က တိကျပြတ်သားတဲ့ လေသံနဲ့ ခပ်မှန်မှန် ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မတရားမှုကျူးလွန်သူတွေအနေနဲ့ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ သင်ခန်းစာကို နောင်မျိုးဆက်ဆီ သက်သေပြနိုင်ဖို့အတွက် စစ်အာဏာရှင်အမြစ်ပြတ်အောင်တိုက်ထုတ်သွားမှာဖြစ်သလို ဒေါ်ငွန်ဇာလျန်တို့သားအမိအတွက် အမှန်တရားကိုလည်း မဆုတ်မနစ်ရှာဖွေသွားမယ်လို့ ချင်းတောင်ခြေအရိပ်အောက်မှာ စစ်ကောင်စီကို အံတုပြီး တိုက်ပွဲဝင်နေသူတွေက သန္နိဋ္ဌာန်ချထားကြပါတယ်။

ဓာတ်ပုံ (၅) နတ်ချောင်းနှင့်ချောင်းခွရွာအား တိုက်ခိုက်မည်ဖြစ်၍ လိုရာဆုတောင်းဟု စစ်ကောင်စီတပ်က ရွာချင်းဆက် လမ်းမပေါ်စာရေးသား ခြိမ်းခြောက်ထားသည့် အထောက်အထား

" ဒီအမှုက ပြီးသွားမှာ မဟုတ်ဘူး။ တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံတော် ပြန်လည်ထူထောင်တဲ့ကာလမှာ မှန်ကန်ပြီး တရားမျှတတဲ့နည်းလမ်းနဲ့ တာဝန်ရှိတဲ့ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ ကျွန်မတို့ မျှော်လင့်ထားတယ်" လို့ ဒီနေ့ဒီအချိန်မှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေပြီဖြစ်တဲ့ ဒေါ်သန့်ဝေကျော်ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required