ချောင်ဦးမြို့နယ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂၉ ဦးသေဆုံးဟုဆို

ချောင်ဦးမြို့နယ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂၉ ဦးသေဆုံးဟုဆို

မေ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ ထွက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကား နှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၉ ဦး သေဆုံးခဲ့ကြောင်း Farmers Revolution Force FRF (CHU) က ယနေ့ မေလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယနေ့ မနက် ၈ နာရီတွင် ချောင်းဦးမြို့ အရှေ့ဘက် ဂွေးပင်ကုန်းကျေးရွာ အနီး ချောင်းဦး-မြင်းမူ လမ်းပေါ်တွင် အဆိုပါ စစ်ကားနှစ်စီးကို မိုင်း ၁၃ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"သံတွေ ပတ်ကာထားတဲ့ ဖောကားပုံစံ နှစ်စီးကို ကျွန်တော်တို့ မိုင်းကွင်းထဲ ရောက်လာတဲ့ အချိန်မှာ မိုင်းတွေ ဝိုင်းဆွဲကြတာ။ သူတို့ဘက်က သေနတ် တစ်ချက်လောက်ပဲ ပြန်ပစ်နိုင်တယ်။ ပြီးတော့ လူနာတင်ကားတွေ ရောက်လာပြီး သယ်တာတွေ ရှိတယ်" ဟု Farmers Revolution Force (CHU) ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

မိုင်းဆွဲ တိုက်ခိုက် ပြီးနောက် ချောင်းဦးမြို့မှ လူနာတင်ကား ငါးစီးခန့် ရောက်ရှိလာကာ ထိခိုက် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို သယ်ဆောင်သွားကြောင်း ဆိုသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Farmers Revolution Force FRF (CHU) တပ်ရင်းမှ ဦးဆောင်၍ ညီနောင် မဟာမိတ်များ ဖြစ်သည့် Chaung U Revolution Army (CRA)၊ Black Eagle Defence Force နှင့် Zarmini MMU တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုရက်ပိုင်း အတွင်း ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ ပူးပေါင်း စစ်ကြောင်း ထိုးနေပြီး ကျေးရွာများ အတွင်း ဝင်ရောက် မီးရှို့ ဖျက်ဆီးမှုများ လုပ်နေကြောင်း သိရသည်။

#Mizzima

#ချောင်းဦးမြို့နယ်

#FarmersRevolutionForce

#ဂွေးပင်ကုန်းကျေးရွာ

#မိုင်းကွင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly