အမေရိကန်တွင် သေနတ်ဖြင့် ပစ်သတ်မှုမှာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် ၂၅ ဆ ပိုမိုမြင့်မားဟုဆို

အမေရိကန်တွင် သေနတ်ဖြင့် ပစ်သတ်မှုမှာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် ၂၅ ဆ ပိုမိုမြင့်မားဟုဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၄ ။            ။ မကြာသေးမီက သုတေသနတစ်ရပ်အရ အမေရိကန် နိုင်ငံသားများတွင် သေနတ်ဖြင့် ပစ်သတ်ခံရနိုင်ခြေမှာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများမှ ပြည်သူများထက် ၂၅ ဆမျှ ပိုမိုမြင့်မားနေသည်ဟု ဆိုသည်။

Nevada-Reno တက္ကသိုလ်နှင့် ဟားဗတ်တက္ကသိုလ် လူထုကျန်းမာရေးကျောင်းမှ သုတေသီများ၏ တွေ့ရှိချက်အရ အမေရိကန်ပြည်ထောင်စုတွင် သေနတ်နှင့် ဆက်နွယ်နေသည့် သေဆုံးမှုများမှာ အခြား ဝင်ငွေမြင့်မားသည့် ၂၂နိုင်ငံထက် ၁၀ဆ ပိုမိုမြင့်မားသည်ဟု ဆိုသည်။

အသက် ၁၅နှစ်မှ ၂၄နှစ်ကြား အမေရိကန်နိုင်ငံသားများအတွက် သတ်ဖြတ်မှုမှာ ဒုတိယအဖြစ်အများဆုံး သေဆုံးရသည့် အကြောင်းရင်း ဖြစ်နေသည်ဟု အဆိုပါ သုတေသနတွင် ဖော်ပြထားသည်။

‘အမေရိကန်ပြည်ထောင်စုမှာ သတ်ဖြတ်မှုတွေရဲ့ သုံးပုံနှစ်ပုံကျော်က သေနတ်နဲ့ ပစ်သတ်မှုတွေဖြစ်ပြီး၊ သေနတ်နဲ့ ပစ်သတ်မှုနှုန်းက မြင့်မားနေရင် သေနတ်နဲ့မဟုတ်တဲ့ သတ်ဖြတ် မှုနှုန်းလည်း မြင့်မားနေနိုင်တယ်’ ဟု Nevada-Reno တက္ကသိုလ်မှ တွဲဖက်ပါမောက္ခတစ်ဦးလည်းဖြစ်၊ သုတေသန ပူးတွဲခေါင်းဆောင်လည်းဖြစ်သည့် အဲရင် ဂရင်တေးက ပြောကြားခဲ့သည်။   

အမေရိကန်ပြည်ထောင်စုတွင် တစ်နိုင်ငံလုံးအနေဖြင့် သတ်ဖြတ်မှုနှုန်းမှာ အခြားဖွံ့ဖြိုးပြီး နိုင်ငံများထက် ၇ဆ မြင့်မားနေပြီး၊ သေနတ်ဖြင့်သတ်ဖြတ်မှုများကို ဖယ်လိုက်လျှင်သော်မှ ၂.၇ဆ မြင့်မားနေသေးသည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အချက်အလက်များအပေါ် အခြေခံထားသည့် သုတေသနရလဒ်များကို အမေရိကန် ဆေးပညာဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည်။

အခြားဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမေရိကန်ပြည်ထောင်စုတွင် သေနတ်နှင့် ဆက်နွယ်သည့် ကိုယ့်ကိုယ်ကို သတ်သေမှုမှာ ၈ဆမျှ ပိုမိုမြင့်မားနေသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု မြို့များ၊ ပြည်နယ်များတွင် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း ခြားနားရခြင်းမှာ စိတ်ကျန်းမာရေး (သို့မဟုတ်) ကိုယ့်ကိုယ်ကို သတ်သေမှုအပေါ် ထားသည့် သဘောထား ခြားနားသောကြောင့်မဟုတ်ဘဲ သေနတ်များကို အလွယ်တကူ ရရှိနိုင်မှုကြောင့်ဖြစ်သည်ဟု ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ် ဟီမင်းဝေးက ပြောကြားခဲ့သည်။

‘ကိုယ့်ကိုယ်ကို သတ်သေမှုအတော်များများက ခံစားမှုနဲ့ လုပ်ကြတာပါ။ သေဆုံးမှုနှုန်း မြင့်မားနေရတာက သေနတ်တွေက အမြန်ဆုံးနဲ့ အသေချာဆုံး နည်းလမ်းဖြစ်နေလို့ပါပဲ’ဟု ၎င်းက ထောက်ပြ သွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်လိုလို လူပေါင်း ၃၃၀၀၀ကျော်မှာ သေနတ်များကို အကြောင်းပြု၍ သေဆုံးနေကြရာတွင် မတော်တဆ ကျည်ထွက်သွားမှုများအပြင် သတ်ဖြတ်မှုနှင့် ကိုယ့်ကိုယ်ကို သတ်သေမှု အမြောက်အများ ပါဝင်နေသည်ဟု ဆိုသည်။

သမ္မတ ဘားရက် အိုဘားမားကမူ ကွန်ဂရက်၏ သဘောတူညီမှု မလိုအပ်သည့် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် သေနတ်အရောင်းအဝယ်ကို ထိန်းချုပ်ကန့်သတ်သွားရန် ရှိသမျှ အာဏာကုန် လုပ်ဆောင်သွားမည်ဟု သန္နိဌာန်ချမှတ်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly