The PDF Game ကစားရာမှရရှိသည့် ကြော်ငြာဝင်ငွေဖြင့် ဒဏ်ရာရ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များကို ငွေလှူဒါန်း

The PDF Game ကစားရာမှရရှိသည့် ကြော်ငြာဝင်ငွေဖြင့် ဒဏ်ရာရ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များကို ငွေလှူဒါန်း

မေလ ၂၁ ရက်

စစ်ကောင်စီကို တိုက်ခိုက်ရသည့် သေနတ်ပစ်အမျိုးစား ဂိမ်းတစ်ခုဖြစ်သည့် The PDF Game အပလီကေးရှင်း မှရရှိသည့် ကြော်ငြာဝင်ငွေများဖြင့် ဒဏ်ရာရရှိထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ဒဏ်ရာရနေတဲ့ ရဲဘော်တွေကို သိန်း ၅၀ လှူတာပါ။ သူတို့ သုံးချင်တာသုံးလို့ရအောင်ပါ။ အဖွဲ့က ငါးဖွဲ့လောက်ရှိပါတယ်။ နောက်တစ်ပတ်ထဲမှာ လှူဖို့အတွက် သိန်း ၁၅၀ လျာထားပါတယ်။ တစ်ပတ်ခြင်းစီ ငွေတွေ ပို့ပေးသွားမှာပါ။ လွန်ခဲ့တဲ့ နှစ်လက ရတဲ့ဝင်ငွေပေါ်မူတည်ပြီး အတက်အကျရှိမှာပါ။ အခုလောလောဆယ်က အတက်ကြီးပဲ။ နောက်လအထိ သိပြီးသားပါ” ဟု The PDF Game တည်ထောင်သူ ဆရာတွပ် ကပြောသည်။

လှူဒါန်းမှုများကို Artstrike နဲ့ My Khayee တို့က တစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ကာ The PDF Game အနေဖြင့် ကစားသမားများ ယခုထက်ပိုမို များပြားလာစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ တိုက်ရိုက်လှူဒါန်းဖို့အတွက် နောက် လေးလ လောက်ကြာဦးမှာပါ။ မာတီပလေယာထွက်ပြီး BUG တွေရှင်းပြီးလို့ နည်းနည်းအား တဲ့အခါမှ ကိုယ်တိုင်လှူဒါန်းမှာပါ “ ဟု The PDF Game က တိုက်ရိုက်လှူဒါန်းမည့်အကြောင်း ဆရာတွပ်က ပြောသည်။

The PDF Game ၏ စတင်လှူဒါန်းမှုအဖြစ် စစ်ကိုင်းတိုင်း အခြေစိုက် MDF၊ Burmese Guerrilla Force တို့ပါဝင်ပြီး ကျန်ရှိသည့်အဖွဲ့များမှာ အင်တာနက်အခက်အခဲကြောင့် လက်ရှိအချိန်တွင် အသေးစိတ်မသိရှိသေးကြောင်း ဆိုသည်။

Google ဆာဗာအနေဖြင့် ယခင် Android ဖုန်းကို The PDF Game အား Update မလုပ်ပေးခြင်း ၊ ကစားသမားအသစ်များအနေဖြင့် Play Store မပြုလုပ်ရခြင်းတို့ ဖြစ်ပေါ်နေသော်လည်း ကစားသမားဟောင်းများ၏ ကြော်ငြာကိုကြည့်ခြင်းအားဖြင့် ဝင်ငွေ ဆက်လက်ရရှိနေမည် ဖြစ်ကြောင်းသိရသည်။

The PDF Game သည် ဂိမ်းအသစ်ဖြစ်သည့် War Of Heroes (WOG) အမည်ရ The PDF Game Chapter-2 ကို မေလ ၂၁ ရက်နေ့ စင်ကာပူစံတော်ချိန် ညနေ ၆နာရီတွင် စတင်ကစားနိုင်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။ #Mizzima #ThePDFGame #ကြော်ငြာဝင်ငွေ #ငွေလှူဒါန်း #ဒဏ်ရာရပြည်သူ့ကာကွယ်ရေးရဲဘော်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required