တောင်ကုတ်၌ ULA /AA ခန့်သည့် ကျေးရွာ တာဝန်ခံများကို စစ်တပ်က ရှာနေ

တောင်ကုတ်၌ ULA /AA ခန့်သည့် ကျေးရွာ တာဝန်ခံများကို စစ်တပ်က ရှာနေ

မေ ၂၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၌ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA /AA) ခန့်အပ်ထားသည့် ကျေးရွာ တာဝန်ခံများကို စစ်တပ်က ရှာဖွေနေ၍ အဆိုပါ ကျေးရွာတာဝန်ခံများ တိမ်းရှောင် နေကြောင်းသိရသည်။

သံတွဲ၊ ငပလီ မှစစ်ကောင်စီ (၅၅) တပ်ရင်းမှ အင်အား ၂၀ ခန့် ပါ စစ်ကားဖြင့် တောင်ကုတ်မြို့နယ် ရှိ ရွာစဥ်တစ်လျှောက် ကျေးရွာများမှ ULA/AA တာဝန်ခံများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။

“ တန်လွဲရွာကို မနေ့က မေလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီ လောက်မှာ ULA/AA ရဲ့ အိမ်ကို သွားရောက်ပြီးတော့ ဝိုင်းကြတယ်။ ဝိုင်းတဲ့အခါမှာ ရွာတွေမှာကျ အလုပ်နဲ့ ဆိုတော့ ULA ရဲ့ ခေါင်းဆောင်တွေကလည်း အလုပ်နဲ့ သွားနေကြတာကို။ အဲ့ဒါကြောင့် သူတို့က မတွေ့ဘူးလေ။ အဲချိန်မှာ သူတို့ တစ်ရွာလုံး ပတ်ပြီး ရှာသွားကြတယ်။ ညနေ ၆ နာရီကျော် ပတ်ရှာပြီးတော့ ထွက်သွားပါတယ်။ လက်ရှိမှာ တာဝန်ခံတွေက ရှောင်နေကြ ရတာပေါ့” ဟု ကျေးရွာ တာဝန်ခံ တစ်ဦးက ဆိုသည်။

တောင်ကုတ်မြို့နယ်၌ ကျေးရွာပေါင်း ၂၁၀ ကျော် ရှိပြီး ယင်းကျေးရွာများ အားလုံးတွင် ULA/ AA က ခန့်အပ် ထားသည့် ကျေးရွာ တာဝန်ခံများ ရှိနေသည်။ စစ်တပ်ကလည်း ULA ကို မထောက်ပံ့ရန် ရွာစဥ်တစ်လျေှာက် လိုက်လံခြိမ်းခြောက် ပြောဆိုနေခြင်းများ ရှိကြောင်း နောက်ထပ် ULA ကျေးရွာ တာဝန်ခံတစ်ဦး ကဆိုသည်။

“ တောင်ကုတ်မြို့နယ်ရဲ့ ရောက်သမျှ ရွာတွေမှာ ULA တွေကို ရှာတယ်။ နောက်ပြီး ULA ရဲ့ အမျိုးသား ရန်ပုံငွေ ကောက်ခံတဲ့ ကိစ္စတွေကို မထည့်ဖို့ ပြောတယ်။ ULA ကို မထောက်ခံဖို့ ပြောကြတယ်။ အခုလာတာ သံတွဲဘက်ကနေ လာကြတယ်။ သူတို့ ရွာစဥ်တလျှောက် လာပြီးတော့ ULA နဲ့ မဆက်သွယ်ဖို့ ၊ ULA ကို မထောက်ပံ့ဖို့၊ ULA နဲ့ ပူးပေါင်းရင် သူတို့ဆီမှာ အပြစ်ခံရမယ်။ အဲလိုမျိုးတွေ တောက်လျှောက် ပြောလာတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ကျောက်တော် မြို့နယ်တို့တွင် ULA/AA ၏ ကျေးရွာတာဝန်ခံများကို စစ်ဆေးမူများ လုပ်လာနေသည်။

ရက္ခိုင်တပ်မတော်သည်လည်း လက်ရှိ ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍာများကို လုပ်ဆောင်နေပြီး စစ်တပ်က ဝင်ရောက် နှောင့်ယှက် လာပါက ထိပ်တိုက် တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

စစ်ကောင်စီကလည်း ULA/AA ၏ လုပ်ဆောင်ချက် များသည် တိုက်ပွဲခေါ်နေသည့် ပုံစံ ဖြစ်နေပြီး စစ်ရေး ဖြစ်ပွားလာလျှင် စစ်တပ်အား အဆိုးမဆိုရန် မေလ ၂၀ ရက်နေ့က စစ်ကောင်စီ သတင်း ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ တစ်ဖက်တွင်လည်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

#Mizzima

#ULA/AA

#ကျေးရွာတာဝန်ခံ

#ဦးခိုင်သုခ

#တောင်ကုတ်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly