KNDO ခေါင်းဆောင် စောစလုံးကျဆုံးသည်ဆိုခြင်းမှာ သတင်းမှား

KNDO ခေါင်းဆောင် စောစလုံးကျဆုံးသည်ဆိုခြင်းမှာ သတင်းမှား

မေလ ၂၀ ရက်

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော တပ်စခန်းတစ်ခုဖြစ်သော သေ့ဘော့ဘိုးကို သိမ်းပိုက်သည့်တိုက်ပွဲတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ ခေါင်းဆောင် ဗိုလ်စလုံးကျဆုံးသွားသည်ဟု ရေးသားဖြန့်ဝေမှုများရှိနေသည်။ သို့သော် အဆိုပါ အဆိုပြုချက်သည် အမှန်တကယ်ဖြစ်ပျက်သည့် အဖြစ်အပျက်အပေါ်အခြေခံ၍ အချက်အလက် အမှားများဖြင့် ပုံဖျက်တိုက်ခိုက် ရေးသားထားသည့် သတင်းတု တစ်ပုဒ်သာ ဖြစ်သည်။

“မင်းသစ္စာဇော်” ဟူသည့် ဖေ့ဘုတ်အကောင့် တစ်ခုမှ မတ်လ ၁၈ ရက်နေ့တွင် “ဒီမနက် သတင်းအရ DKBA ခွဲထွက် KNDO ခေါင်းဆောင် စောစလုံး ကျဆုံးသွားပြီဟု သိရ၊ CIA မျောက်ဖြူတို့ ဗျူဟာ ချထားပေးတဲ့ အတိုင်း KNDO ...KNU ... 6 ... KL ပဒက်တွေ ထိုင်းနဲ့ နယ်မြေထိနေတဲ့ သစ်ဘောဘိုးကို ဝင်တိုက်တယ်၊ အကျဆုံးများစွာနဲ့ ဘလယ်ဒိုမှာ ပိတ်မိနေတယ်၊ တပ်မတော်က သံချပ်ကာ ကား၊အမြောက်၊လေယာဉ်၊ မလုံးရင်းအသုံးပြုပြီး ချေမှုန်းရေး စစ်ပွဲကြီး ဖြစ်သွားပြီ၊ လေယာဉ်အကုန်အပီဆွဲနေပြီ၊ KNDO အထူးတပ်ဖွဲ့ ခေါင်းဆောင်သစ် စောစလုံး ကျဆုံးသွားပြီ (မူရင်းသတ်ပုံအတိုင်း) " ဟု ရေးသားခဲ့သည်။ ၎င်း၏ ပိုစ့်ကို ယခုချိန်ထိ ပြန်လည်မျှဝေသူ ၂၅၀ ကျော်ရှိပြီး ပြန်လည်ကူးယူဖော်ပြသူ များစွာရှိနေသည်။

ကရင်ပြည်နယ် မြ၀တီခရိုင်တွင်းရှိ သေ့ဘော့ဘိုးတပ်စခန်းကို မေလ ၁၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO တို့ပူးပေါင်းကာ ခုနှစ်နာရီကြာ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်သည်။

KNLA ဘက်မှ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၇)၊ တပ်ခွဲ (၂) ဒုခွဲမှူး ဗိုလ်ဒါ့ဘောဦးဆောင်ပြီး Cobra (မြွေဟောက်) စစ်ကြောင်းဟု အမည်ပေးခဲ့သည်။ KNDO ဘက်ကတော့ ဗိုလ်အယ်စေးဝါးက ဦးဆောင်ခဲ့သည်။

ဗိုလ်စလုံး ကျဆုံးသည်ဆိုခြင်းနှင့်ပတ်သက်၍ Cobra စစ်ကြောင်းစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက “သေ့ဘော့ဘိုး စခန်းကို ဝင်တိုက်တဲ့အချိန်မှာ KNDO က ဗိုလ်စလုံး ပါဝင်ခြင်းမရှိပါဘူး။ KNDO က ဗိုလ်စောစေးဝါးအဖွဲ့ ပါဝင်ခြင်းဖြစ်ပါတယ်။" ဟု မဇ္ဈိမသို့ပြောသည်။

" KNDO အထူးတပ်ဖွဲ့ခေါင်းဆောင် စောစလုံး ကျဆုံးတယ်ဆိုတာ လည်း မဟုတ်ပါဘူး ခင်ဗျ" ဟုလည်း ထပ်လောင်းပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်မျဉ်းအနီးရှိ မူလက ကရင်အမျိုးသားအစည်းအရုံး (KNU) ပိုင်ဖြစ်ပြီး ယခုအာဏာသိမ်းတပ်က ၃၂ နှစ်ကြာသိမ်းထားခဲ့သော သေ့ဘော့ဘိုးစခန်းကို ပြန်လည်သိမ်းတိုက်ပွဲတွင် ကရင်မဟာမိတ်တပ်က သုံးဦးကျဆုံးခဲ့သည်။

“မင်းသစ္စာဇော်” ရေးသားထားသကဲ့သို့ စခန်းသိမ်းကရင်မဟာမိတ်တပ်များ ဘလယ်ဒိုတွင်ပိတ်မိနေခြင်းလည်းမရှိသလို စစ်ကောင်စီတပ်က သံချပ်ကာကားများ၊ အမြောက်များသုံးပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်းလည်းမရှိဟု Cobra စစ်ကြောင်းပြန်ကြားရေးအရာရှိက ပြောသည်။

Cobra စစ်ကြောင်းမှ မေလ ၁၉ ရက်နေ့က ထုတ်ပြန်ချက်တွင်လည်း “ရန်သူ့စခန်းအား တက်ရောက်နေချိန် ကာလတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ ATR - 42 အမျိုးအစား ကင်းထောက်လေယာဉ်ဖြင့် ဝဲပျံလျက်ရှိကာ မှော်ဘီနှင့် တောင်ငူ ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်စခန်းများမှ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်ခဲ့သည့် လေယာဉ်အမျိုးအစားများမှာ အမောင်းသင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ‌ လေယာဉ် အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁) စီး ဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့ပါသည်။ (မူရင်းသတ်ပုံအတိုင်း) ” ဟုသာ ပါရှိသည်။

ထို့ကြောင့် ဗိုလ်စလုံး ကျဆုံးခြင်းမရှိသကဲ့သို့ PDF တပ်များ အကျအဆုံးများပြီး ဘလယ်ဒိုတွင် ပိတ်မိခြင်း၊ စစ်ကောင်စီဘက်မှ သံချပ်ကာကား အမြောက်အများ အသုံးပြုနေခြင်းများ မရှိပါ။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly