မြောင်မြို့နယ် ပေါက်ချောင်းနှင့် ရွာပုလဲကျေးရွာကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံထောင်ချီ တိမ်းရှောင် နေရ

မြောင်မြို့နယ် ပေါက်ချောင်းနှင့် ရွာပုလဲကျေးရွာကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံထောင်ချီ တိမ်းရှောင် နေရ

မေ ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သည် မေလ ၁၉ ရက်နေ့က ရွာပုလဲကျေးရွာနှင့် ပေါက်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“ ဒါက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေကို ရန်တိုက်ပေးတာလို့ မြင်တယ်။ ကျွန်တော်တို့ရှိနေလို့ အိမ် တွေ ဒီလိုမီးရှို့တယ်ဆိုပြီး ပြည်သူတွေ ကာကွယ်ရေးအဖွဲ့တွေကို လက်မခံတော့အောင်ပေါ့၊ အဲဒီလို အမြင် ပြောင်းလာအောင် လုပ်တယ်လို့မြင်တယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ဦးဆောင်သူ ကိုနွေဦးကပြောသည်။

ရွာပုလဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ဝင်ရောက်လာ ပြီး နေအိမ် ၁၅ လုံး ဝန်းကျင်မီးရှို့သွားကာ မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည် ထွက်ခွာသွားသည်။ ယင်း နောက် ညနေ ၄ နာရီကျော်မှစ၍ ပေါက်ချောင်းရွာသို့ဝင်ရောက်ကာ ဆက်လက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“ရွာပုလဲက ၁၅ လုံးနီးပါးလို့ ပြောတယ်။ အခု ပေါက်ချောင်းကတော့ မသိရသေးဘူး ငြှိမ်းနေတုန်းပဲ ရှိသေး တယ်။ အနည်းဆုံး ၃၀ လောက်ရှိမယ်။ သူတို့ ပေါက်ချောင်းကိုဝင်တော့ လက်နက်ကြီး ၄၀ မမ လေးလက် နဲ့ ပစ်ပြီးဝင်တယ်။ ကျန်တဲ့ လက်နက်ငယ်တွေကတော့ တောက်လျှောက်ပစ်တာပေါ့။ လက်ရှိကတော့ ပေါက်ချောင်းကနေ မယ်မသော်ရွာကို ထပ်ဝင်သွားတယ်” ဟု ကိုနွေဦးက ပြောသည်။ 

လက်ရှိတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားများ ပေါက်ချောင်းရွာ၌ မီးငြှိမ်းသတ်နေကြပြီး စစ်ကောင်စီတပ်မှာမူ ပေါက်ချောင်းရွာနှင့်တစ်ရွာကျော်ရှိ မယ်မသော်ရွာ၌ဝင်ရောက် တပ်စွဲနေသည်ဟု ဆိုသည်။ ထို့ကြောင့် ပေါက်ချောင်းရွာအပါဝင် အနီးဝန်းကျင်ရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူ စုစုပေါင်း ၃၀၀၀ ခန့် တိမ်းရှောင် နေကြရသည်။

“ကျွန်တော်တို့လည်း တိုက်ဖို့လုပ်တယ်။ ဒါပေမယ့် ဘယ်လိုမှလုပ်မရဘူး။ သူတို့ Jammer (တယ်လီဖုန်း လှိုင်းနှောက်စက်)တွေလည်း ပါတယ်။ ကျွန်တော်တို့ ဒရုန်းတွေလွှတ်တယ် သူတို့နားရောက်တာနဲ့ ပြန်ပြန် ပျက်ကျတယ်။ ပြီးတော့ သူတို့နားကပ်တာနဲ့ တောက်လျှောက် လက်နက်ကြီးတွေနဲ့ လေးဖက်လေးတန် အကုန်ပတ်ပစ်တာ။ အဲဒါကြောင့် ကပ်မရတော့ ရွာတွေပဲ မီးမကူးအောင် မီးငြှိမ်းတဲ့ဘက်ကို လုပ်လိုက်ရ တာ” ဟု ကိုနွေဦးက ရှင်းပြသည်။

မကွေးတိုင်း၊ ရေစကြိုနယ်တွင် အင်အားဖြည့်တင်းကာ စစ်ကိုင်းတိုင်း၊ မြောင်နယ်သို့ ဝင်ရောက်လာသည့် ယင်းစစ်ကြောင်းတွင် အင်အား ၁၅၀ ခန့် ပါဝင်ကာ လက်နက်ငယ်များအပြင် RPG ငါးလက်၊ လက်နက် ကြီး အမျိုးအစား ၄၀ မမ လေးလက်၊ ၆၀ မမ၊ ၈၀ မမ၊ စက်သေနတ် အကြီးစား နှစ်လက်လည်း ပါဝင် ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မေလ ၁၈ ရက်နေ့ကလည်း ပန်းညိုရွာရှိ နေအိမ်ခြောက်လုံးနှင့် ညောင် ကားယားရွာရှိ အိမ်ခြေ ၂၀ ကျော်ကို  မီးရှို့ဖျက်ဆီးခဲ့သည်။ 

#Mizzima
#ပေါက်ချောင်းရွာ 
#ရွာပုလဲကျေးရွာ
#မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required