ကသာမြို့နယ် အင်းရွာကို စစ်ကောင်စီတပ် ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

ကသာမြို့နယ် အင်းရွာကို စစ်ကောင်စီတပ် ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀ ဝန်းကျင် မီးလောင်သွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အင်အား ၆၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့က မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အင်းရွာသို့ ဝင်ရောက် မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က နှစ်ဖွဲ့ခွဲ ထွက်သွားတာ။ တစ်ဖွဲ့က ရွာထဲမှာစားသောက်ပြီးတော့ အင်းရွာကုန်းပေါ်ဘက်ကို ပြန် တက်သွားတာ။ မီးရှို့တဲ့တစ်ဖွဲ့ကတော့ ညနေပိုင်းမှာ လက်နက်ကြီးနဲ့ထုပြီးတော့မှ အဲဒီကုန်းပေါ်ကို ပြန် တက်သွားတယ်။ ဒီမနက်ရောက်တော့ ကြက်တကောင်ဘက်ကို ပြန်ဆင်းသွားတယ်။ ကြက်တကောင် ဘက်မှာ သူတို့သင်္ဘောကမ်းကပ်ထားတယ်” ဟု အင်းရွာဒေသခံက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာကို မီးမရှို့မီ အင်းရွာ ကုန်းပေါ်သို့ သပြေသာကျေးရွာ အတွင်းမှလက်နက်ကြီးဖြင့် အချက် ၃၀ ထက်မနည်း ဦးစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၁၉ ရက်နေ့တွင် သပြေသာကျေးရွာအတွင်းမှနေ၍ အင်းရွာကုန်းပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် နန်းသီတာကျေးရွာထဲသို့ လှမ်းပစ်ခတ်သည့်အတွက် နန်းသီတာ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သံဃာတော်တစ်ပါး ပျံလွန်သွား ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကျောင်းကို လက်နက်ကြီးကျပြီး နန်းသီတာကျေးရွာမှာ ကိုရင်တစ်ပါး ပျံလွန်တော်မူသွားတယ်။ နောက် ထပ်တစ်ပါးလည်း ပေါင်ထိတယ်ကြားတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုကို ခံနေရသော အင်းရွာ၊ နန်းသီတာကျေးရွာ နှင့် သပြေသာကျေးရွာများသည် ရွာချင်းဆက်နေသည့်ကျေးရွာများဖြစ်ပြီး စစ်ကောင်စီက တစ်ရွာဝင် တစ်ရွာထွက် မီးတင်ရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများသည် စစ်ကောင်စီတပ်၏ ပစ်မှတ်ထားမီးရှို့ဖျက်ဆီးမှုကို ခံနေရခြင်းဖြစ်ပြီး UNHCR ၏ စာရင်းအရ လူပေါင်း ၃ သိန်း နီးပါး စစ်ဘေးရှောင်နေကြရသည်။

ယင်းအပြင် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်အများအပြားကို အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားသည်။

Photos- မီးရှို့ခံရသော အင်းရွာ (CJ)

#Mizzima

#ကသာမြို့နယ်

#အင်းရွာ

#လေးကြိမ်မြောက်မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly