နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ်ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ်ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

မေ ၂၀

နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ်တိုးတက်အောင် ဆောင်ရွက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ လက်အောက်ခံဝန်ထမ်းများကို ယမန်နေ့ မေလ ၁၉ ရက်က တိုက်တွန်းပြောဆိုလိုက်ကြောင်း သိရသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ရန်လိုသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယမန်နေ့က နေပြည်တော် စစ်ကောင်စီရုံးတွင် ကျင်းပခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများတက်ရောက်ခဲ့ကြကြောင်း ယနေ့ မေလ ၂၀ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်ပြီး လျှပ်စစ်ဓာတ်အားလည်း လုံလောက်စွာရရှိသောကြောင့် နေပြည်တော်ကို Green City၊ Smart City၊ Clean Cityဖြစ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စံပြအဖြစ်ဆောင်ရွက်ရန် ၎င်းက ထည့်သွင်းပြောဆိုသည်။

နေပြည်တော်တွင် ချောင်း၊ မြောင်းများရှိပြီး မြေဆီမြေနှစ်ကောင်းမွန်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ရကြောင်းလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

NLDအစိုးရလက်ထက်တွင် Asian-Oceanian Computing Industry Organization (ASOCIO)ကပေးအပ်သည့် Smart City Award 2019 ဆုကို မန္တလေးမြို့တော်က ရရှိခဲ့သည်။

ထို့အပြင် ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်းကလည်း အရှေ့တောင်အာရှနိုင်ငံ၏ Smart Cityအဖြစ် အလားအလာအကောင်းဆုံးထိပ်တန်း ၁၀မြို့ကို ရွေးချယ်ရာတွင် မန္တလေးမြို့တော်မှာ အဆင့် ငါးနေရာတွင် ရွေးချယ်ခံခဲ့ရသည်။

#နေပြည်တော်

#GreenCity

#CleanCity

#SmartCity

#စစ်ခေါင်ဆောင်

#စံပြနယ်မြေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly