စက်သုံးဆီစျေး ဆက်တိုက် မြင့်လာပြီး အကန့်အသတ်ဖြင့် ရောင်းချလာကြ

စက်သုံးဆီစျေး ဆက်တိုက် မြင့်လာပြီး အကန့်အသတ်ဖြင့် ရောင်းချလာကြ

မေ ၁၉

ရန်ကုန်၌ စက်သုံးဆီစျေး ဆက်တိုက် မြင့်တက်နေပြီး အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချ ပေးနေရကြောင်း ရန်ကုန်မြို့ တက္ကစီယာဉ်မောင်း အသိုင်းအဝိုင်းထံက စုံစမ်း သိရှိရသည်။

ယနေ့ မေ ၁၉ ရက် စက်သုံးဆီစျေးသည် ယမန်နေ့ မေ ၁၈ ရက် လက်လီ ဝယ်ယူဈေးထက် ကျပ် ၃ဝ ကျော်နှင့်အထက် မြင့်တက်လာပြီး ယခင် မေ ၁ ရက် လက်လီစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂၅၀ ကျော်အထိ တစ်ရိပ်ရိပ် မြင့်တက်လာသည်။

ယနေ့ ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၂၁၀ ကျပ် (ယမန်နေ့ ၂,၁၈၀ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂,၂၈၀ (ယမန်နေ့ ၂,၂၃၅ ကျပ်)၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂,၂၂၅ ကျပ် (ယမန်နေ့ ၂,၂၂၅ ကျပ်)၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် ၂,၂၀၀ ကျပ်(ယမန်နေ့ ၂,၂၀၀ ကျပ် ) တို့ဖြင့် ရောင်း ချပေးနေခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ အချို့ဆိုင်များတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချနေခြင်းများ ရှိပြီး စက်သုံးဆီစျေး တရိပ်ရိပ် မြင့်တက်နေခြင်းကြောင့် အချို့သော နယ်မြို့များရှိ ဆိုင်များ ပိတ်သိမ်းရသည် အထိ ဖြစ်လာသည်။

အလားတူ မန္တလေးမြို့၌ ယနေ့ မေ ၁၉ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၂၁၅ ကျပ်( ယမန်နေ့ ၂,၂၂၅ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီလျှင် ၂,၃၃ဝကျပ်( ယမန်နေ့ ၂,၂၈၀ ကျပ်) ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၂၇၅ ကျပ်( ယမန်နေ့ ၂,၂၇၅ ကျပ်) ၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၂၄၅ ကျပ် (ယမန်နေ့ ၂,၂၄၅ ကျပ်) တို့ဖြင့် စျေးဖွင့် ရောင်းချ ပေးလျက်ရှိသည်။

ဒီဇယ်စျေးမှာ အနည်းငယ် တည်ငြိမ်နေပြီး ဓာတ်ဆီစျေး မြင့်တက် လာနေခြင်းဖြစ်သည်။ နယ်မြို့များ အလိုက် စက်သုံးဆီ ဝယ်ယူမှု စျေးနှုန်းများလည်း ကွာခြားနေသည်။

“ ရေရှည်ဆိုရင် မလွယ်ဘူး။ ခရီးသည်က ကားငှားပြီဆိုရင် သွားနေကျ စျေးပဲပေးတယ်။ ဒီစျေးနဲ့ သွားနေကြဆိုပြီး စျေးမပေးဘူး။ အချို့တွေကလည်း ဆီစျေးတွေ တက်တာ သိပေမယ့် သိသိကြီးနဲ့ စျေးမညှိနှိုင်းဘူး။ သူတို့ပြောတဲ့ စျေးနဲ့ လိုက်ရင်လိုက် မလိုက်ရင် အခြားကား ရတာ ငှားစီး သွားကြတယ်။ ဆိုတော့ ကားသမားတွေက အုံနာကြေး ရဖို့ နဲ့ ဆီဖိုးကျေအောင် ရတဲ့စျေးနဲ့ လိုက်နေရတယ် ” ဟု ရန်ကုန်မြို့တွင်း တက္ကစီယာဉ်မောင်း တစ်ဦးက ဆိုသည်။

စက်သုံးဆီစျေး ရောင်းချမှုနှင့် ပတ်သက်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်မှု ကော်မတီက နေ့စဉ် သတ်မှတ်ထားသော စျေးနှုန်းများထက် ပိုမိုရောင်းချပါက သတင်းပေး တိုင်ကြားနိုင်ကြောင်း မေလအစောပိုင်းက ထုတ်ပြန်ထားသည်။

သို့သော် ယင်းကော်မတီသည် နေ့စဉ်ရောင်းချရမည့် စျေးနှုန်းများကို ပုံမှန် မထုတ်ပြန်သည့် အတွက် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ရောင်းချပေးနေသည့် စျေးနှုန်းများ အတိုင်း ဝယ်ယူနေရသည်။

“ ကော်မတီအနေနဲ့ နေ့စဉ် မနက်တိုင်း အများပြည်သူ သိအောင် ထုတ်ပြန်စေချင်တယ်။ မထုတ်ပြန်တဲ့ အခါကျတော့ ဘယ်စျေးနဲ့ တရားဝင် ရောင်းချပါ ဆိုတာမျိုးလည်း မသိရတော့ ဆိုင်တွေက ပြောတဲ့ ရောင်းတဲ့ စျေးအတိုင်း ဝယ်နေရတာပေါ့။ ပြီးတော့ ဝယ်သလောက်လည်း အခုရက်ပိုင်း မရဘူး။ မနေ့ကဆိုရင် ဆိုင်သုံးဖို့ သွားဝယ်တာ၊ နှစ်သောင်းဖိုးပဲ ရောင်းလိုက်တယ်။ ကော်မတီ ဖွဲ့ထားတယ် ဆိုရင်လည်း အလုပ် လုပ်ပေါ့။ အခုဟာက ထုတ်ပြန်တစ်ရက် မထုတ်ပြန် တစ်ရက်နဲ့။ ပြီးရင် ထုတ်ပြန်ချက်ကို အများပြည်သူ သိနိုင်တဲ့ ပလက်ဖောင်း တစ်ခုခုကနေ နေ့စဉ် တင်ပေးနေရမှာ ” ဟု စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။

#Mizzima

#စက်သုံးဆီစျေး

#ရန်ကုန်

#စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required