တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် သေ့ဘောဘိုးနှင့် ဘလယ်ဒိုကျေးရွာအနီးသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် သေ့ဘောဘိုးနှင့် ဘလယ်ဒိုကျေးရွာအနီးသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေ

မေ ၁၈

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်ဒေသရှိ သေ့ဘောဘိုးကျေးရွာနှင့် ဘလယ်ဒိုကျေးရွာအနီးတွင် မေလ ၁၇ ရက်နေ့ညက စစ်ကောင်စီတပ်နှင့် KNLA, COBRA စစ်ကြောင်းတို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွား နေကြောင်း KNLA ထံမှသိရသည်။

ယင်းတိုက်ပွဲဖြစ်ပွားရာနေရာကို ယနေ့ မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ကင်းထောက်လေယာဉ်တစ်စီး၊ ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။

“တိုက်ပွဲက အတော်ကြမ်းတယ်။ တိုက်လေယာဉ်တွေနဲ့ပါ လာကြဲနေတာ။ ရွာတွေထဲကိုပါ ထိကုန်ပြီ။ အခု ကျနော်တို့ တောထဲပြေးနေရတယ်။ ရွာသားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ ကျနော်တို့ လည်း ပြေးနေရလို့ သေသေချာချာတော့ မသိသေးဘူး” ဟု ဒေသခံတဦးမှ ပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ စစ်ကောင်စီအခြေစိုက်သေ့ဘောဘိုးစခန်းကုန်းကို KNLA, COBRA စစ်ကြောင်းတို့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းကြောင့် ၎င်းစခန်းကို ပြန်လည်သိမ်းယူနိုင်ရန် စစ်ကောင်စီမှ လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်းသိရပြီး မဇ္ဇျိမမှ ဆက်လက်စုံစမ်းနေသည်။

အဆိုပါတိုက်ပွဲအခြေနေနှင့်ပတ်သက်ပြီး COBRA စစ်ကြောင်းသို့ ဆက်သွယ်မေးမြန်းနေသော်လည်း လတ်တလောတိုက်ပွဲအခြေနေကြောင့် ဆက်သွယ်၍ မရသေးပေ။

#Mizzima

#ဝေါလေမြိုင်ဒေသ

#သေ့ဘောဘိုးကျေးရွာ

#ဘလယ်ဒိုကျေးရွာ

#တိုက်ပွဲပြင်းထန်

#KNLA

#COBRAစစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly