အိန္ဒိယနိုင်ငံ အိုက်ဇောလ်မြို့တွင် မြန်မာစစ်ဘေးရှောင် မသန်စွမ်းများအတွက် သီးသန့် အဆောင် လိုအပ်နေ

အိန္ဒိယနိုင်ငံ အိုက်ဇောလ်မြို့တွင် မြန်မာစစ်ဘေးရှောင် မသန်စွမ်းများအတွက် သီးသန့် အဆောင် လိုအပ်နေ

မေ ၁၈

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ အိန္ဒိယနိုင်ငံ ၊အိုက်ဇောလ်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များထဲမှ မသန်စွမ်းများအတွက်သီးသန့် လူနေဆောင်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင် မသန်စွမ်းမိသားစုများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း မတူပီမြို့နယ်အတွင်းရှိ ငလိုင်ကျေးရွာနှင့် ဖနိုင်ကျေးရွာရှိ ခရိုင်ရုံးမြေနေရာတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ် (CDF-မတူပီ)တို့အကြား ထိတွေ့မှုဖြစ်ပွားပြီးနောက် ကျေးရွာတချို့ မှ ဒေသခံပြည်သူများ ရွာလုံးကျွတ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ စစ်ဘေးရှောင်ကြခြင်းဖြစ်သည်။

''အိုက်ဇောလ်မှာတော့ အများစုက မတူပီဘက်ခြမ်းကနေထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဖြစ်တယ်။ အသက်ငယ်တဲ့သူတွေကော၊အသက်ကြီးတဲ့သူတွေကော အများကြီး ပြေးလာကြတယ်။ စစ်တပ်က ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ကြတော့ မနေရဲကြတော့ဘူး။ ဒီရောက်တဲ့အခါမှာ နဂိုထဲကမှ မသန်စွမ်းအသက်ကြီးတွေလည်းပါလာကြတယ်။ အရမ်းဒုက္ခရောက်နေကြရတယ်''ဟု ငလိုင်ကျေးရွာမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

''အခုပိုဆိုးတာက မိုးတွင်းရောက်လာပြီဖြစ်တယ်။ နေတာကလည်း Camp(အဆာက်အအုံရှည်)ကြီးထဲမှာ မိသားစုတွေ လိုက်ကာလေးတွေနဲ့ ကန့်ပြီးနေကြတာ။ မသန်စွမ်းသက်ကြီးတွေ အတွက်တော့ အပေါ့အလေးစွန့်တာလည်း ဒီနေရာမှာ ပဲစွန့်ပြီးတော့မှ မိသားစုတွေက သွားသွန်ကြတာပေါ့။ အခုမိုးတွင်း မိုးရွာတဲ့အခါ အဆင်သိပ်မပြေဘူး ဒီအတွက်ဖြစ်နိုင်ရင် သူတို့တွေ(မသန်စွမ်းတွေ)အတွက် သီးသန့် တဲလေးတွေထိုးပြီး ဆောက်ပေးနိုင်ရင်တော့ အဆင်ပြေမှာ''ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

သည့်အပြင် ဇန်နဝါရီလအတွင်း အသတ်ခံရသည့် ၁၀ ဦးထဲမှတစ်ဦး၏ မိသားစုဝင်ထဲမှကလေးငယ်တစ်ဦးသည် နေစရာအခက်အခဲဖြစ်ပြီး မြေပြင်ပေါ်တွင် ဖြစ်သလိုအိပ်စက် နေထိုင်ရခြင်းကြောင့်လည်း ယခုအခါ မသန်စွမ်းသူတစ်ဦး ဖြစ်သွားရသည် ဟု သိရသည်။

ဇန်နဝါရီလက မတူပီမြို့နယ်၊ ငလိုင်ကျေးရွာက ဒေသခံ ၁၀ဦးသည် တောထဲ နွားနောက်ရှာရင်း စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ကာ လက်ပြန်ကြိုးတုပ်၍ အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

''ကျွန်တော်တို့ ငလိုင်ကျေးရွာကပဲ ၁ လပိုင်းမှာစစ်တပ်က သတ်တဲ့ ၁၀ယောက်အုပ်စုထဲမှာ ပါတဲ့တစ်ယောက်ရဲ့သားလေးပေါ့။ သူဆိုရင်ရွာကနေပြေးလာတဲ့အချိန်က ကျန်းမာရေးကောင်းတယ်။ဒီရောက်တော့ နေထိုင်တာ ဖြစ်သလို နေထိုင်တဲ့အခါမှာ ဘယ်လိုဖြစ်သွားလဲမသိဘူး။ ကလေးကအခု ပိုလီယိုဖြစ်သွားတယ်။ အချိန်မီဆေးကုရင်တော့ ပြန်ကောင်းနိုင်မယ်လို့တော့ ပြောတယ် ''ဟု ငလိုင်ရွာသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် ရှိပြီး ၎င်းတို့အထဲမှ စစ်ဘေးရှောင်ဦး‌ရေ ၈,၀၀၀ မှာ မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်အသိမှတ်ပြုကတ် (Refugee ID) ထုတ်ပေးထားပြီး ဖြစ်သည် ဟုလည်းသိရသည်။

#ကချင်ပြည်နယ်

#မတူပီမြို့နယ်

#အိန္ဒိယနိုင်ငံ

#အိုက်လ်ဇောမြို့

#မြန်မာစစ်ဘေးရှောင်

#မသန်စွမ်းသူများ

#သီးသန့်အဆောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly