တစ်လအတွင်း ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများမှ အိမ်ခြေ ၁၅၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

တစ်လအတွင်း ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများမှ အိမ်ခြေ ၁၅၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

မေ ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိကျေးရွာများတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကောင်စီတပ် က ကျေးရွာများမှနေအိမ်များကိုမီးရှို့နေရာ တစ်လအတွင်း မီးရှို့ခံရသည့်နေအိမ် ၁၅၀၀ ကျော်အထိ ရှိ လာကြောင်း ဒေသခံများထံမှ သိရသည်။

မီးရှို့ခံရသည့်ကျေးရွာ ခြောက်ရွာခန့်မှ နေအိမ် ၁၅၀၀ မှာ ဧပြီလ ၁၀ ရက်နေ့မှစတင်ပြီး ယနေ့ မေလ ၁၈ ရက်နေ့အထိ ရရှိခဲ့သည့် စာရင်းများအရဖြစ်ပြီး အဆိုပါကျေးရွာအများစုသည် သုံးကြိမ်အထိ စစ်ကောင်စီတပ်များ၏ မီးရှို့ခြင်းခံရ သည်။

“ အားလုံးပေါင်း အရှေ့စည်းက အိမ်ခြေ ၅၀၀ လောင်တယ်၊ ရှားဘိုကတော့ အိမ်ခြေ ၅၁၃ အိမ်ဗျ ။ ကျွန်တော်တို့ ရေရှင်‌က ၃၃၁ အိမ်လောင်တယ်၊ လည်ခြားကတော့ အိမ်ခြေ ၆၀ လောင်တယ်။ ရှားတော ကတော့ အိမ်ခြေ ၁၀၀ ခန့်နဲ့ တင်သားကတော့ ၁၄ လုံးလို့ပြောတယ် စုစုပေါင်း ၁၅၁၈ အိမ်လောင်တယ်” ဟု လူမှုကူညီရေးများလုပ်ဆောင်နေသည့် ရေရှင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ဖျက်စီးနေသည့် ကုက္ကိုလ် ကျေးရွာမှ ပျက်စီးဆုံးရှုံးမှုစာရင်းများ မရရှိသေးကြောင်း အဆိုပါဒေသခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အဆက်အသွယ်ရှိသည်ဟုယူဆသော အိမ်များကို ၎င်းတို့အထိနာ သည့်အခါ ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ရေရှင်ရွာမှဒေသခံတစ်ဦးကသူ၏အမြင်ကို ပြောသည်။

အိမ်မီးရှို့သည့်စစ်သားများက အိမ်သာပါမချန် မီးရှို့ခဲ့ကြပြီး အလိုရှိသည့် အသုံးအဆောင်ပစ္စည်းများကို ရှာဖွေယူဆောင်ပြီး ကြက်၊ ဝက်များကိုပါ သတ်ဖြတ်စားသောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်မွှေနှောက်မှုကြောင့် ဒေသခံရာနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်ခုခံမှု အစောဆုံးစတင်ခဲ့သည့် ကလေးမြို့နယ်တွင် နေ့စဉ်ဆို သလို ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

#Mizzima

#ကလေးမြို့နယ်တောင်ပိုင်း

#နေအိမ်၁၅၀၀ကျော်

#မီးရှို့ဖျက်ဆီးခံရ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required