ကော့မှူးတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ကျေးရွာ ၃ ရွာမှ ပြည်သူများ တပတ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်

ကော့မှူးတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ကျေးရွာ ၃ ရွာမှ ပြည်သူများ တပတ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်

မေ ၁၇

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ကျေးရွာသုံး ရွာမှပြည်သူများ တပတ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသတွင်း သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

ကော့မှူးမြို့နယ်တွင် မေလ ၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ် ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အနီးရှိကျေးရွာသုံးရွာမှ ပြည်သူ ၃၀၀ နီးပါးကို ယင်းနေ့ ညနေပိုင်းတွင်ပင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။

“ငှက်အော်စမ်းမှာ ခေါ်စစ်နေတဲ့သူတွေအားလုံးကို မေလ ၁၅ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ ကြား ပါတယ်။ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာပါ။ တပတ်ကျော်လောက် ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရပါ တယ်” ဟု ကော့မှူး သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒေသခံများသည် လက်လုပ်လက်စား လုပ်ကိုင်စားသောက်သူ များဖြစ်ပြီး တပတ်ကျော်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းကြောင့် စားဝတ်နေရေး ကျပ်တည်းမှုများ ရှိနေကြောင်းလည်း သိရသည်။

“ဒီဘက်မှာနေတဲ့သူတွေက လက်လုပ်လက်စားသမားများတယ်။ တချို့လက်လုပ်လက်စား သမားတွေ တော့ စားဝတ်နေရေး ပိုပြီးကြပ်တည်းသွားတာပေါ့။ ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူနဲ့ သေဆုံးသူတော့ မရှိခဲ့ပါဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသူများကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း ငှက်အော်စမ်း အထကတွင် တပ်စွဲထားဆဲဖြစ်ကာ မကျည်းကန်ကျေးရွာလမ်းဆုံနှင့် ကော့မှူးမြို့သို့ သွားရာလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များချထားကာ စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၃ ရက်နေ့ညနေပိုင်းက ကော့မှူးမြို့နယ် မကျီးကန်-ကျိုက်ထော်လမ်းမပေါ်တွင် နယ်မြေရှင်းလင်း ရန်လာရောက်သည့် စစ်ကောင်စီကားနှစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

ထိုကြောင့် ယင်းနေ့ညနေပိုင်းတွင်ပင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်ရှိ ငှက်အော်စမ်း၊ ညောင်ထောက်နှင့် သံကြိုးကျေးရွာမှပြည်သူများအပါအဝင် ပြည်သူ ၃၀၀ နီးပါးကို စစ်ကောင်စီတပ်က တပတ်ကျော်ကြာဖမ်းဆီးကာ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#Mizzima

#ကော့မှူးမြို့နယ်

#ငှက်အော်စမ်း

#ပြည်သူ၃၀၀နီးပါး

#မကျီးကန်-ကျိုက်ထော်လမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required