စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကျော့ပြန် ခြစားမှုနဲ့ နိုင်ငံကူး လက်မှတ်ရုံးက ဈေးကွက်သစ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကျော့ပြန် ခြစားမှုနဲ့ နိုင်ငံကူး လက်မှတ်ရုံးက ဈေးကွက်သစ်

မေ ၁၆

လက်ထဲမှာ စကန်ကုတ်တစ်ခုပါတဲ့ မိတ္တူစာရွက်အထပ်လိုက်ကို ကိုင်ထားတဲ့ လူတချို့ဟာ နိုင်ငံကူးလက်မှတ်ရုံးမှာ တန်းစီနေတဲ့သူတွေကို အနားအတင်းကပ်ကာ စကားများ လိုက်ပြောနေသည်။
 
တန်းစီနေတဲ့သူအများစုက နားထောင်ဖို့ငြင်းဆိုကြပေမယ့် အခုမှရောက်လာတဲ့သူတွေကတော့ ထိုလူတွေပြောတာကို နားထောင်ပြီး တစ်ခုခုကို လက်ခံဖို့ စဉ်းစားနေကြသည်။
 
နိုင်ငံကူးလက်မှတ်ရုံးသို့ တန်းစီဖို့ရောက်ရှိလာသူတစ်ဦးက “ဒီက တန်းစီနေတဲ့သူတွေအများစုက ရုံးထဲဝင်ဖို့အတွက် Online Booking ရပြီးသားသူတွေချည်းပဲလေ။ ကျွန်တော်ကျတော့ အဲ့လို ဘိုကင်မရထားတဲ့သူဆိုတော့ ပွဲစားတွေနဲ့ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ။ နှစ်သိန်းပေးရတယ်။ ဒါပေမယ့် ဘိုကင်စောင့်စရာမလိုတော့ဘူးပေါ့” ဟု ပြောသည်။
 
ဒါက‌တော့ ဈေးကွက်သစ်တွေထဲက တစ်ခုပါ။
 
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ရုံးသည် Online Booking စနစ်ဖြင့် ရက်ချိန်းယူပြီးမှသာ ရုံးအတွင်း ဝင်ရောက်နိုင်ခြင်းဖြစ်ပြီး တစ်နေ့လျှင် လူ ၂,၅၀၀ ခန့်သာ ရုံးအတွင်း ဝင်ခွင့်ပြုလျက်ရှိသည်။ ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းကြောင့် ဘိုကင်ယူရသည့် ဈေးကွက်၊ မှတ်ပုံတင်အတု လုပ်ဆောင်ခြင်းများနှင့် နိုင်ငံကူးလက်မှတ် အမြန်ရရှိရန် လုပ်ဆောင်ရသည့် အမြန်ကြေးဈေးကွက် များလည်း ပေါ်ပေါက်လာခဲ့သည်။
 
Online Booking ရယူရန် လူတစ်ဦး ငွေ ၂,၀၀၀မှ ၅,၀၀၀အထိ ပေးရပြီး နိုင်ငံကူးလက်မှတ်ရုံးအရှေ့တွင် အွန်လိုင်းဘိုကင်စကန်ကုတ်များကို တစ်ခုလျှင် ၁၀,၀၀၀ ကျပ်ဖြင့် ရောင်းကြသူများကိုလည်းတွေ့ရသည်။
 
ထို့အပြင် တချို့ပွဲစားများသည် နိုင်ငံကူးလက်မှတ်ရရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးပြီး ငွေကျပ် ၁၂၀,၀၀၀မှ ငွေကျပ်၂၀၀,၀၀၀ အထိတောင်းယူကြပြီး အဆိုပါရုံးအနီးရှိ မိတ္တူဆိုင်များတွင် မှတ်ပုံတင်အတုများကို လုပ်ဆောင်ပေးကြသည်ဟု သိရသည်။
 
“သူတို့က အွန်လိုင်းဘိုကင်တွေကို ကြိုပြီး တင်ထားကြတာ။ အဲ့တော့ သူတို့တင်ထားပြီးသားနာမည်တွေနဲ့ မိတ္တူဆိုင်မှာ မှတ်ပုံတင်အတုလုပ်ပြီး ရုံးထဲဝင်ခိုင်းတယ်။ တကယ်လို့ ဒါကိုသိသွားရင်တော့ ရုံးထဲဝင်မရဘူးပေါ့။ ဒါပေမယ့် ရုံးထဲက စက်တွေကလဲ မကောင်းတာနဲ့ ပြီးတော့ အပြင်က ပွဲစားနဲ့ အထဲကရဲတွေက ချိတ်ထားတာတွေရှိတော့ ရုံးထဲ ပေးဝင်ကြတယ်”ဟု နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
 
ထိုသို့ ပွဲစားများနှင့် နိုင်ငံကူးလက်မှတ်ရုံးအတွင်းရှိ ရဲများက အွန်လိုင်းဘိုကင်ယူရသည့်စနစ်ကို ၎င်းတို့ကိုယ်တိုင် လိုက်လံဆောင်ရွက်၍ ရောင်းစားနေကြသည့်အတွက် ပုံမှန်ပြည်သူများမှ နိုင်ငံကူးလက်မှတ်ရရှိရန် ကိုယ်တိုင်လုပ်ဆောင်ဖို့ မလွယ်ကူတော့ဘဲ အခက်အခဲဖြစ်ရကြောင်း သိရသည်။
 
“သူတို့က အတင်းတွေ အသည်းအသန် ဘိုကင်ယူကြ ရောင်းစားကြနဲ့ ကိုယ်တိုင်လုပ်မယ့်သူတွေကဘိုကင်လည်း ယူမရ သူတို့နဲ့ကျတော့လည်း ဈေးတွေကများနဲ့ ပတ်စပိုစ့်တစ်ခုရဖို့ အရမ်းခက်တယ်။ အခုဆိုရင် အွန်လိုင်းဘိုကင်တွေက ခုနစ်လ ပိုင်းလောက်အထိ မရတော့ဘူး သူတို့ပဲ အကုန်ယူထားကြတယ်”ဟု ၎င်းက ဆိုသည်။
 
အွန်လိုင်းဘိုကင်များကို ယခင်က ရက်ချိန်းရယူသည့်ရက်မှစတင်ပြီး နှစ်ပတ်အတွင်း ရက်ချိန်းရယူနိုင်ကြောင်း သတ်မှတ်ထားသော်လည်း မေလ ၂ရက်မှစတင်၍ ရက်ချိန်းကာလ သုံးလအတွင်းရက်ချိန်း ရယူနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားခဲ့သည်။
 
သို့သော် အွန်လိုင်းဘိုကင်များကို အထက်တွင် ဆိုခဲ့သည့်အတိုင်း ရုံးအတွင်းရဲများနှင့် ပွဲစားများက ဘိုကင်ကြိုတင် ရယူမှုများ လုပ်ဆောင်ကြပြီး အမှန်တကယ် နိုင်ငံကူးလက်မှတ်လျှောက်မည့်သူများမှ ဘိုကင်ရယူနိုင်ရန် ခက်ခဲလျက်ရှိသည်။
 
ထို့အပြင်နိုင်ငံကူးလက်မှတ်ရယူရန် တစ်နေ့လျှင် လူ ၂,၅၀၀ ဝင်ခွင့်ပြုထားသော်လည်း လူ ၅၀၀ ခန့်မှာ လာလျှောက်ခြင်းမရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ရုံးအတွင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
 
“အခုက ဘိုကင်တွေက နေ့တိုင်း လူ ၂,၅၀၀ ပြည့်နေတာပဲ ဒါပေမယ့် တကယ်ပတ်စပိုစ့်လျှောက်တဲ့သူတွေ မဟုတ်ဘဲ ကြားထဲကနေ လုပ်ပေးနေတဲ့သူတွေကပဲ ဘိုကင်တွေယူထားကြတာ။ ပြီးတော့အဲ့ဘိုကင်တွေကို ပြန်မရောင်းရတဲ့အခါကျတော့ လာလျှောက်တဲ့သူက သတ်မှတ်ဦးရေမပြည့်တော့သလိုတကယ် လျှောက်ချင်တဲ့သူတွေက မရတော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။
 
ထို့အပြင် မှတ်ပုံတင်တွင် ဘင်္ဂါလီ ၊ ပါကစ္စတန်ဟူ၍ ပါဝင်ပြီး ဘာသာတွင် မွတ်စလင်ဖြစ်နေပါက ပုံမှန်တခြားလူများ လုပ်ဆောင်သလို လုပ်ဆောင်ရခြင်းမရှိဘဲ လဝကတွင် တွေ့ဆုံစစ်ဆေးမေးမြန်းမှုများ အရင်ဆုံးလုပ်ရသည်ဟု မှတ်ပုံတင်တွင် လူမျိုးနေရာတွင် ဘင်္ဂါလီ ဟု ရေးသားမှုပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။
 
“ရုံးထဲရောက်ရင် ပုံမှန်ရိုးရိုးလူဆိုရင် တစ်ခါထဲတန်းစီပြီး ဖောင်ထုတ်လို့ရတယ်။ ကျွန်တော်တို့လိုလူမျိုးခြားတွေ ဘာသာခြားတွေ ဘင်္ဂါလီ ၊ ပါကစ္စတန်တို့ လူမျိုးစပ်ထားတဲ့သူတွေဆိုရင် လဝက ဆိုပြီးတော့ သပ်သပ် နေရာမှာ တန်းစီရတယ်။ တန်းစီပြီးတော့ အဲ့က လူကြီးနဲ့တွေ့ရ စကားပြောရတယ် သန်းခေါင်စာရင်းတွေဘာတွေစစ်ပြီးရင် အဲ့လူကို ငွေ ၅,၀၀၀ ပေးရတယ်။ အဲ့တုန်းက ကျွန်တော်က သန်းခေါင်စာရင်းဟောင်းနေတယ်ဆိုပြီး အဲ့လူကို နောက်ထပ်ပိုက်ဆံ ၃၀,၀၀၀ ထပ်ပေးရတယ် ။ ကျွန်တော်တို့ အဲ့လိုတွေ တွေ့ပြီး စစ်ဆေးပြီးမှ အဲ့အခန်းကနေ ဖြတ်ပြီး ပုံမှန်တခြားလူတွေလုပ်သလို ဖောင်ဖြည့်တာ တန်းစီတာ ဓာတ်ပုံရိုက်တာတွေ လုပ်ရတယ်” ဟု မှတ်ပုံတင်တွင် ဘင်္ဂါလီပါဝင်သည့် လူငယ်တစ်ဦးက ၎င်း၏နိုင်ငံကူးလက်မှတ် လျှောက်ရသည့် အတွေ့အကြုံကို ပြောပြသည်။


 
အဆိုပါလူမျိုးတွေဟာပတ်စပိုစ့်စာအုပ်ကိုလည်း ၁၀ရက်အတွင်း နှင့် ၄၅ရက်အတွင်း ရရှိခြင်းမရှိဘဲ ပိုက်ဆံပေးမှသာ စာအုပ်ရမည်ဟု ပြောဆိုမှုများနှင့် ကြုံတွေ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
 
“သူတို့စလစ်မှာ ရေးထားတာကတော့ ၁၀ ရက် နေရင်ပတ်စပိုစ့်ရမယ်လို့ ရေးထားတယ်။ ဒါပေမယ့် ၁၀ရက် ပတ်စပိုစ့်ရတာက ပုံမှန်လူတွေပဲရတာပေါ့နော်။ ဘာသာခြားတွေ လူမျိုးဘာသာစပ်ထားတဲ့သူတွေဆိုရင် ၄၅ ရက် အနည်းဆုံးစောင့်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ၄၅ ရက်ပြည့်လို့ သွားယူတော့လည်း ပတ်စပိုစ့်မရခဲ့ဘူး။ နောက်ထပ် တစ်လနေမှလာ နှစ်လာနေမှလာ ချိန်းရာကနေ အခုဆိုရင် သုံးလကျော် လေးလလောက်ရနေပြီ။ ပတ်စပို့စ်သွားထုတ်တဲ့အချိန်မှာ ရုံးအပေါ်ထပ်က ရဲမေတွေက အောက်ထပ်လူကြီးနဲ့ စကားပြောမှရမယ်ဆိုပြီး အောက်ထပ်ကို လွှတ်တယ်။ စိစစ်ရှာလို့ သူတို့က တံဆိပ်တုံးလည်း ထုပေးလိုက်ကြတယ်။ အောက်ထပ်က လူကြီးနဲ့တွေ့ပြီး သွားပြောတော့ ဒီပတ်စပိုစ့်စာအုပ်က နေပြည်တော်က လူကြီး လက်မှတ်ထိုးတာကို စောင့်ရမယ်။ လက်မှတ်ထိုးတာကလည်း ပိုက်ဆံမပေးရင် ခြောက်လ ကနေ တစ်နှစ်လောက် ကြာသွားမယ်။ အဲ့တော့ပိုက်ဆံပေးမှရမယ်တဲ့။ ပထမဆုံး ပတ်စပိုစ့်စာအုပ်သွားထုတ်တုန်းက တွေ့တဲ့ရဲက တစ်သိန်းခွဲပေးရမယ်ဆိုပြီး ပြောတယ်။ အဲ့တုန်းက ပိုက်ဆံမတတ်နိုင်လို့ အိမ်ပြန်လာခဲ့ပြီး နှစ်ပတ်လောက်နေမှ စာအုပ်ရမလားဆိုပြီး ထပ်သွားထုတ်ကြည့်တော့ အဲ့မှာတာဝန်ကျနေတဲ့ နောက်ထပ်တွေ့တဲ့ရဲက ငါးသိန်းပေးမှ စာအုပ်ရမယ်လို့ ထပ်ပြောတာကြုံရတယ်။ အဲ့လိုနဲ့ စာအုပ်ရဖို့ အဲ့ရုံးကိုပဲ သုံးခေါက်လောက်သွားခဲ့ရတယ်။ နောက်ဆုံးထပ်တွေ့ရတဲ့ရဲက သုံးသိန်းပေးရင် စာအုပ်ရမယ်တဲ့”ဟု ပတ်စပိုစ့်စာအုပ်သွားထုတ်ရာတွင် ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို မှတ်ပုံတင်တွင် ဘင်္ဂါလီပါဝင်သည့် လူငယ်က ဆိုသည်။
 
သွေးနှောနှင့် လူမျိုးခြားများသည် ပတ်စပိုစ့် ထုတ်ယူရမည့် စလစ်စာရွက်တွင် စိစစ်ရှာဟု အနီရောင်တံဆိပ် ကပ်ခံရသည်။ စာအုပ်ထုတ်ယူမည့် ရက်စွဲတွင် ၁၀ရက် အတွင်းလာရောက်ထုတ်ယူရန် ရေးထားသော်လည်း အမှန်တကယ် သွားရောက်ထုတ်ယူပါက နောက်လ ထပ်လာဖို့သာ ပြန်လည်ပြောပြီး နောက်လ ထပ်မံသွားရောက်ပါကလည်း ရရှိခြင်းမရှိပေ။ လက်ရှိတွင်ပတ်စပိုစ့် ရုံးအတွင်းရှိရဲများက ပိုက်ဆံပေးမှသာ ပတ်စပိုစ့်စာအုပ်ရနိုင်မည်ဟု ပြောင်ပြောဆိုလာကြပြီ ဖြစ်သည်။
 
ထိုသူများမှာ နိုင်ငံသား ဖြစ်ခွင့်ရရန် သို့မဟုတ် နိုင်ငံသား စိစစ်ရေး ကပ်ပြား ကိုင်ဆောင်နိုင်အောင်ပင် အဆင့်ဆင့် ဖြတ်ကျော်လာခဲ့ရပြီး ဖြစ်သည်။ ၂၀၁၈ ခုနှစ်က ထုတ်ပြန်သော ကုလသမဂ္ဂ “သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ” တွင် ထိုသူများ၏ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုများ အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။
 
အဆိုပါ အစီရင်ခံစာတွင် “ရိုဟင်ဂျာများကို “တခြားသူ” ပြုမှု နှင့် ခွဲခြားနှိမ့်ချ ဆက်ဆံမှု တို့မှာ ၂၀၁၂ မတိုင်မီ ရှေးရှေး ကတည်းကဖြစ်သည်။ သူတို့သည် အလွန်အမင်း ထိခိုက်လွယ်သူများ ဖြစ်နေရခြင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နိုင်ငံတော် ပေါ်လစီမူဝါဒများနှင့် ပြုကျင့်မှုများ၏ နောက်ဆုံးတွဲ ရလဒ်ပင် ဖြစ်သည်။” ဟု သူတို့ အခွင့်အရေး ဆုံးရှုံးမှု အခြားသော နိုင်ငံသားများနှင့် ခွဲခြား ဆက်ဆံရမှုများကို ဖော်ပြထားသည်။ “ ရလဒ်ကတော့ မွေးကင်းစမှ သေဆုံးချိန်အထိ ပြင်းပြင်းထန်ထန်၊ စနစ်တကျ၊ တရားဝင် ဥပဒေများမှ တစ်ဆင့် ဖိနှိပ်ထားသည့် အခြေအနေများပင်။ ၎င်းတို့သည် ယခုအထိ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
 
ထိုအခြေအနေများ၏ ရလဒ်မှာ ထိုသူများကို “ဘာသာခြား” “လူမျိုးခြား” ဟု သတ်မှတ်ကာ “တိုင်းရင်းသား”များနှင့် ခွဲခြားထားခြင်းဖြစ်သည်။
 
မှတ်ပုံတင်မှာ ဘင်္ဂါလီ ၊ ပါကစ္စတန် ပါဝင်သူတွေဟာ သီးသန့်ရေးထားတာ မရှိပေမယ့် သီးသန့်ကောင်တာ တစ်ခုကို သွားရောက်တန်းစီရမှာဖြစ်ပြီး အများအားဖြင့် ထောင့်ဆုံးက ကောင်တာတွေမှာ တန်းစီရလေ့ရှိသည်။
 
“ ညီမတို့ လူမျိုးခြားတွေက သီးသန့်တန်းစီတဲ့နေရာမှာ တန်းစီပြီး လဝကနဲ့ အရင်တွေ့ရတယ်။ တခြားပုံမှန်လူတွေကတော့ လဝကနဲ့ တွေ့စရာမလိုဘူး တန်းစီပြီး ဖောင်ထုတ်တာတွေ လုပ်ရုံပါပဲ။ ညီမတို့က လဝကရုံးရဲ့အရှေ့မှာ သီးသန့်တန်းစီပြီး သုံးယောက်တစ်ဖွဲ့စီ လဝကရဲ့အခန်းထဲကို ပေးဝင်တယ်။ ပြီးရင် အနည်းဆုံး ၁၀မိနစ်ကနေ အများဆုံး နာရီဝက်လောက်အထိ အဲ့သုံးယောက်ကို စကားပြောတယ်။ အဲ့လိုမျိုးသီးသန့်နေရာမှာ ညီမတို့တန်းစီရတယ် စောင့်ရတယ် ပြီးရင် အဲ့နေရာမှာလည်း ညီမတို့ ပိုက်ဆံထပ်ပေးရတယ်”ဟုပတ်စပိုစ့်ရုံးမှာသွားရောက်လျှောက်ထားခဲ့သည့် ကာယကံရှင် အမျိုးသမီးတစ်ဦးက ထွက်ဆိုသည်။
 
လဝကနှင့် စစ်ဆေးမေးမြန်းခံရသည့် လူမျိုးခြားအမျိုးသမီးများသည် ဖုန်းနံပတ်များ ပေးခဲ့ရပြီး နောက်ပိုင်းတွင် လူမှုရေးနှောက်ယှက်မှုများကိုလည်းကြုံတွေ့ရကြောင်းလည်း ထွက်ဆိုကြသည်။
 
အဆိုပါ ကာယကံရှင်အမျိုးသမီးက “အဲ့အခန်းထဲမှာ အမျိုးသမီးတွေ တော်တော်များများရဲ့ ဖုန်းနံပတ်တွေကို ယူထားပြီး နောက်ပိုင်းဖုန်းဆက် လူမှုရေးနှောက်ယှက်တာတွေရှိပါတယ်။ ညီမဆိုရင် အဲ့အခန်းထဲမှာ ဖုန်းနံပတ်တောင်းတယ်။ ပြီးတော့ ညီမပတ်စပိုစ့်ရုံးကနေတောင် မထွက်ရသေးဘူး ညီမကို ဖုန်းဆက်တယ်။ ပတ်စပိုစ့်လုပ်ရတာအဆင်ပြေလား ဘာတွေလိုအပ်သေးလဲ ။ ပြီးတော့ စားပြီးပြီလား ဘာညာနဲ့ ပတ်စပိုစ့်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေလည်း မေးတယ်” ဟု ဆိုသည်။
 
နိုင်ငံကူးလက်မှတ်လျှောက်ရာတွင် ဘဏ်သွင်းငွေ ၂၅,၀၀၀ကျပ် ၊ ငွေစလစ် စာရွက်ကြေး ၂,၀၀၀ကျပ်၊ ဓာတ်ပုံရိုက် ၅,၀၀၀ကျပ်နှင့် စာအုပ်ထုတ် ၃,၀၀၀ကျပ်ဖြင့် စုစုပေါင်း ၃၅,၀၀၀ကျပ် ပုံမှန်ကျသင့်မှာ ဖြစ်သော်လည်း လတ်တလောတွင် ရုံးအတွင်းဝင်ရောက်နိုင်ရန် အွန်လိုင်းဘိုကင်ရယူထားသည့် စကန်ကုတ်များကို တချို့ပွဲစားများက ရုံးပြင်ပတွင် တစ်သောင်းကျပ်ဖြင့် ရောင်းချခြင်းနှင့် အွန်လိုင်းဘိုကင်ရယူထားသည့် စကန်ကုတ်အပါအဝင် ပတ်စပို့စ်စာအုပ်အပြီး အစီးဝန်ဆောင်မှု ၁၂၀,၀၀၀ကျပ်မှ ၂၀၀,၀၀၀အထိ ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။ ထို့အပြင် လတ်တလောအွန်လိုင်းဘိုကင်စနစ်ကြောင့် ပတ်စပိုစ့်ရုံးအရှေ့တွင်ပင် မှတ်ပုံတင်အတုများ လုပ်ဆောင်၍ ရုံးအတွင်း ဝင်ရောက်နေမှုများကိုလည်း တွေ့ခဲ့ရခြင်း ဖြစ်သည်။  
#ခြစားမှု
#နိုင်ငံကူးလက်မှတ်ရုံး
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly