ငပုတောမြို့နယ်တွင် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးသည့်အတွက် တောနင်းရှာဖွေနေ

ငပုတောမြို့နယ်တွင် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးသည့်အတွက် တောနင်းရှာဖွေနေ

မေ ၁၅

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ထိပ်စွန်းဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ စစ်သားအချို့ထွက်ပြေးသွားခြင်းကြောင့် တောနင်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ထိပ်စွန်းတပ်မှ စစ်ကောင်စီတပ်သား ခုနစ်ဦး ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ထွက်ပြေးသွားသည့် အတွက် ပြင်ခရိုင်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စခန်းအတွင်း၌ ညအိပ်ခြင်းမရှိဘဲ ကျေးရွာအတွင်း ရှောင်တိမ်းအိပ်စက်နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က လူနေအိမ်များ၌ ဝင်ရောက် အိပ်ခြင်းမှာ ကင်းပုန်းဝပ်သည့် အခြေအနေဖြစ်ကြောင်း၊ ယနေ့ မေလ ၁၅ရက်နေ့တွင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့များက ကျေးရွာများထဲတွင် ကင်းလှည့်နေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့က တောနင်းရှာဖွေမှုများကို ပြုလုပ်နေလျှက်ရှိပြီး ဒေသခံများ၏ လှေများကိုပါ စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံထံမှသိရသည်။

“ကျွန်တော်တို့က PDFတွေကို သတင်းရလို့ စောင့်နေတယ်ထင်တာ၊ ရဲတွေကလည်း စခန်းမှာမအိပ်ဘဲ ရွာထဲဝင်နေတော့ PDFတွေ လာတိုက်ဖို့ သတင်းရလို့ ကြိုစောင့်နေတယ်ထင်ပြီး အသိရဲတွေကို မေးကြည့်တော့မှ ထိပ်စွန်းက စစ်သား ခုနစ်ယောက်ထွက်ပြေးသွားလို့ လိုက်ဖမ်းနေတာလို့ ပြောတယ်၊ ဘယ်အဆင့်တွေ ထွက်ပြေးတယ် လက်နက်တွေ ပါမပါဆိုတာတော့ မသိရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သားများသည် ပြင်ခရိုင်ကျေးရွာအပိုင် ကျင်းကော်ကျေးရွာက တောနေရာအနှံ့ ကင်းပုန်းချခြင်းနှင့် တောနင်းရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဒေသခံကပြောသည်။

ထိပ်စွန်းဒေသတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်သည် ဒေသခံများအပေါ် ဖိနှိပ်မှုများ လုပ်ဆောင်လေ့ရှိပြီး တပ်မတော်ထောက်ခံပွဲများ ကျင်းပကာ ပြည်သူများကို လက်ပြကြိုဆိုရန်စေခိုင်းခြင်း၊နေအိမ်တွင် ပန်းစည်းကိုင်ကာ ကြိုဆိုခိုင်းခြင်း စသည်တို့ကို လုပ်ဆောင်ခိုင်းလေ့ရှိသည်။

#Mizzima

#ဧရာဝတီတိုင်း

#ငပုတောမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#တောနှင်းရှာဖွေ

#ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required