ဝေဟင် မြေပြင် ထိုးစစ်များကြောင့် PDF-Kalay ခြေကုပ်စခန်း လက်လွှတ်လိုက်ရ

ဝေဟင် မြေပြင် ထိုးစစ်များကြောင့် PDF-Kalay ခြေကုပ်စခန်း လက်လွှတ်လိုက်ရ

မေ ၁၅

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ကလေး) (PDF-Kalay ) အမှတ် (၄) တပ်ရင်း ခြေကုပ်စခန်းကို စစ်ကောင်စီတပ်က ဝေဟင် မြေပြင် ပူးပေါင်း တိုက်ခိုက်မှုကြောင့် လက်လွှတ် ခဲ့ရကြောင်း PDF-Kalay က ထုတ်ပြန်သည်။

ယမန်နေ့ မေလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် (Fighter Jet) သုံးစင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဉ် နှစ်စီးဖြင့် နာရီဝက်ကျော်ကြာ ပစ်ခတ် တိုက်ခိုက်ခြင်း ၊ ဒရုန်းများသုံး၍ အီနာဂါ ဗုံးသီးများဖြင့် တိုက်ခိုက်ခြင်း အပြင် မြေပြင်မှ ခြေလျင်တပ် အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ခြင်းများကြောင့်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ အပြီးတွင် ခလရ (၈၉) မှ ဗိုလ်ကြီး ရာဇာမျိုး ၊ အခပ ဗိုလ်မှူးသန်းနိုင် ၊ ခလရ (၂၆၈) မှ ဗိုလ်ကြီး ဇွဲသူထွန်းတို့ ဦးဆောင်သော ခြေလျင်တပ်ကို ခုခံ တိုက်ခိုက်ရာ စစ်ကောင်စီဘက် အသေအဆုံး ရှိနိုင်သော်လည်း လက်နက်အင်အား ကွာဟ လွန်းသည့်အပြင် ကျည်အင်အား မလုံလောက်မှုကြောင့် စခန်း မှ ဆုတ်ခွာပေးခဲ့ရကြောင်း ဖော်ပြထားသည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် တချို့ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာ ရသော်လည်း အကျအဆုံး မရှိဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ခြေကုပ်စခန်းအတွင်းသို့ ဝင်ရောက်ပြီး စခန်းနှင့် အတွင်းရှိ ပစ္စည်းများကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်။

ယခု တိုက်ပွဲဖြစ်သော ကလေးမြို့တောင်ပိုင်း ဒေသတွင် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက် ထားသည်မှာ သုံးလခန့် ကြာပြီဖြစ်၍ သတင်းအချက်အလက် စီးဆင်းမှု အလွန် ခက်ခဲနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အဆိုပါ စခန်း အနီးရှိ စစ်ဘေးရှောင် ပြည်သူ ဦးရေ၃၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း ကြားသိရသော်လည်း မဇ္စျိမက သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။

#Mizzima

#PDF_Kalay

#ကလေးမြို့တောင်ပိုင်း

#ခြေကုပ်စခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly