ကော့သောင်းမြို့တွင် အရပ်သား ဦးရေ၄၀ ထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ကော့သောင်းမြို့တွင် အရပ်သား ဦးရေ၄၀ ထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ကော့သောင်း၊ မေလ၊ ၁၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ သုံးမိုင် သိရီမြိုင်ရပ်ကွက်တွင် စစ်ကောင်စီ တပ်ဖွဲ့က မေလ ၁၁ မှ ၁၂ ရက် အထိ နှစ်ရက် ဆက်တိုက် အရပ်သား ပြည်သူ ဦးရေ ၄၀ ထက်မနည်း ဖမ်းဆီးသွားကြောင်း မြို့ခံများထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ မြို့ထဲရောက်ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က မင်္သကာသူများကို ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ သတင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကော့သောင်းမြို့ နေရာ အချို့တွင် မိုင်းများထောင်ထားခဲ့ပြီးနောက် ပြန်လည် ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကော့သောင်းမြို့ခံတစ်ဦးက“PDF တွေ မြို့ထဲကို ရောက်နေတယ် ဆိုပြီး ဆိုက်ဝါး သတင်းတွေကြောင့် ကြောက်ပြီး စစ်တပ်က ကင်းပုန်းချပြီး မသင်္ကာတဲ့ အရပ်သားတွေကို ဖမ်းဆီးခံရတာ ဖြစ်တယ်”ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအနက် အများစုမှာ လူငယ်များ ဖြစ်ပြီး အမျိုးသမီး တချို့လည်း ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။

“အခု ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲမှာ ဆိုင်ကယ် ကယ်ရီ ဆွဲသမားတွေ အိမ်ထဲမှာ နေထိုင်သူတွေနဲ့ လမ်းသွား လမ်းလာ သူတွေကို အများဆုံး ရိုက်နှက် ဖမ်းခံထားရတယ်”ဟု သိရီမြိုင် ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။

ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများထဲမှ တချို့ကို လူတစ်ယောက်လျှင် ကျပ် ၅၀၀,၀၀၀ နှုန်း၊ ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၅၀၀,၀၀၀ နှုန်း တောင်းကာ ပြန်လွှတ်နေကြောင်း သိရသည်။

"ကော့သောင်းမှာ ယာဉ်ထိန်းရဲတွေကလည်းတော်တော် ဆိုးတယ်။ ဆိုင်ကယ်တွေကို အကြောင်းမဲ့ ဖမ်းဆီပြီး ပိုက်ဆံနဲ့ ပြန် ရွေးခိုင်း နေတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

#တနင်္သာရီတိုင်း

#ကော့သောင်းမြို့

#ပြည်သူအများစု

#စစ်ကောင်စီတပ်ဖွဲ့

#ဖမ်းဆီး

#ယာဉ်ထိန်းရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly