ပေါက်မြို့နယ် သရက်တောဂိတ်၌ မှတ်ပုံတင်မပါလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီတပ်သားများ ခြိမ်းခြောက်

ပေါက်မြို့နယ် သရက်တောဂိတ်၌ မှတ်ပုံတင်မပါလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီတပ်သားများ ခြိမ်းခြောက်

မေ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ် သရက်တော စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများက ခရီးသည်များ အားလုံး ကားပေါ်မှ ဆင်းခိုင်းကာ မှတ်ပုံတင် စစ်ဆေးပြီး မပါသူများကို ပစ်သတ်ဟု ခြိမ်းခြောက် ပြောဆိုနေသည်ဟု ခရီးသည်များထံမှ သိရသည်။

ပေါက်မြို့နယ်တွင် သရက်တောဂိတ်နှင့် ပေါက်ဂိတ် နှစ်ခုရှိပြီး အဆိုပါ နှစ်ဂိတ်စလုံး အစစ်အဆေး တင်းကျပ် ကြမ်းတမ်းသည်ဟုလည်း သိရသည်။

''ကျွန်တော်တို့ ကားပေါ်မှာကလည်း ကံဆိုးချင်တော့ လူငယ်တွေချည်းပဲ ပါလာတယ်။ အလုပ်အကိုင် အခွင့်အလမ်းက ချင်းတောင်ဘက်ခြမ်းမှာ မရှိတော့ဘူးလေ။ ပြည်မ ထွက်လာကြတာပေါ့။ အဲဒါနဲ့ စစ်ဆေးရေး ဂိတ်မှာ အားလုံးကို ကားပေါ်က ဆင်းခိုင်းတယ်။ ဆင်းတဲ့ သူတွေ အားလုံးကို သေနတ်နဲ့ ဝိုင်းချိန်ကြတယ်။ မသိရင် တရားခံတွေ မိတဲ့အတိုင်းပဲ။ နောက်ပြီး တပ်ကြပ်ကြီး တစ်ယောက်က နည်းနည်းလည်း အရက်မူးတယ် ထင်တယ်။ ဟေ့ ကောင်တွေ ဘာမှ ပြောမနေနဲ့ မှတ်ပုံတင် မပါတဲ့ကောင်တွေ အားလုံး ပစ်သတ်လိုက် သတ်ပစ်လိုက် ဆိုတာပဲ တောက်လျောက် ပြောနေတာ။ ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရှုံးမှန်း အခုမှ သိရတော့တယ်'' ဟု ခရီးသည် တစ်ဦးက ပြောသည်။

ထို့အပြင် ခရီးသည်များကို စစ်ဆေးပြီး မှတ်ပုံတင် ကိုင်ကာ ဂိတ်အတွင်း ဖြတ်လျှောက်ခိုင်းရာတွင် သေနတ်ဖြင့် တေ့ပြီး တစ်ယောက်ပြီး တစ်ယောက် သွားသွားဟု လျှောက်ခိုင်းကြောင်း သိရသည်။

''ကားထဲမှာ ကလေးတွေလည်း ပါတယ်ဗျ၊ တစ်ချို့ဆိုရင် အသက် ၁၄ နှစ်လောက်ပဲ ရှိတယ်။ အဲဒီကလေးတွေ ကိုလည်း သေနတ်နဲ့ ချိန်ပြီး ပစ်သတ်လိုက်မယ် ဘာမှတ်နေလဲ ဘာညာ ခြိမ်းခြောက်တော့ ကလေးတွေက အရမ်း ကြောက်နေကြတာလေ၊ နောက်ပြီးတော့ တချို့ဆိုရင် ပင်ကိုယ်အရ နွဲ့တဲ့သူတွေ ရှိတယ်လေ။ အဲဒါကိုလည်း ဟေ့ရောင် မင်းယောက်ကျားလား မိန်းမလား ဒီမှာလာပြီး မိန်းမလိုလို ယောက်ကျားလိုလို လာမလုပ်နဲ့ ဒါမျိုးတွေ လျှောက်ပြောတယ်လေ'' ဟု အဆိုပါခရီးသည်က ဆိုသည်။

မင်းတပ်၊ ထီးလင်း၊ ကျောက်ထု၊ ယောနှင့် ဆောမြို့များမှ ပခုက္ကူမြို့သို့ သွားမည်ဆိုပါက မဖြစ်မနေ ပေါက်မြို့နယ်ထဲရှိ ပေါက်အထွက်ဂိတ်နှင့် သရက်တောဂိတ်ကို ဖြတ်သန်းရပြီး ကြားထဲတွင် PDF များလည်း ဂိတ်ဖွင့်ပြီး စစ်ဆေးနေကြောင်း သိရသည်။

''အခုက ပြောင်းပြန် ဖြစ်နေတယ်၊ လမ်းတွေမှာ PDF ကလေးတွေကလည်း စစ်တယ်။ ဘယ်သွားမလဲ ဘာညာနဲ့ စစ်တယ် အေးအေး ဆေးဆေးပဲ။ သူတို့ကို ကြည့်ပြီး ကိုယ်တွေက စိတ်တောင် မကောင်းဘူး၊ တချို့ဆိုရင် သေနတ်တူမီးလေးတွေ ကိုင်ပြီး၊ သနားလို့ ရေဘူးတွေ ပေးတာတောင် မယူကြဘူး။ ဒီ စကစ(စစ်ကောင်စီ) ဂိတ်တွေ ရောက်တော့ စပယ်ယာက သွားပေးရတယ်။ ဒါတောင်နည်းရင် အင်တင်တင် လုပ်နေသေးတယ်'' ဟု ၎င်းကဆက် ပြောသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာဖြင့် ခရီးသွားလာခြင်း၊ တည်းခိုခြင်း၊ ဧည့်စာရင်း တိုင်ကြားခြင်းများ ခွင့်ပြုမည် မဟုတ်ကြောင်း စစ်ကောင်စီ ကကြေညာထားသည်။

#Mizzima

#ပေါက်မြို့နယ်

#သရက်တောဂိတ်

#မှတ်ပုံတင်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly