NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေး

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေး

မေ ၁၃

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမန်းသည် မေလ ၁၂ ရက်က မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NUG ကိုယ်စားလှယ်များနှင့် ဝါရှင်တန်၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် အာဏာသိမ်းစစ်အုပ်စု၏ လူမဆန်သည့် ဖြိုခွင်းနှိမ်နင်းမှုနှင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများကို အမေရိကန်ဘက်က အခိုင်အမာ အားပေးထောက်ခံကြောင်း အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ရှားမန်းက အထူးအလေးပေး ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်စေနိုင်ရေး ငြိမ်းချမ်းစွာ ကြိုးပမ်းလုပ်ဆောင်နေသူအားလုံးကို ဆက်လက် ကူညီထောက်ပံ့သွားမည်ဟု ရှားမန်းက ကတိပြုသည်။

အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးအတွက် အရှေ့တောင်အာရှမှ ခေါင်းဆောင်အများအပြား ဝါရှင်တန်၌ ရောက်ရှိနေသည်ကို မှတ်ချက်ပြုရင်း ရှားမန်းက ပြောကြားရာတွင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ အကျပ်အတည်းကို မှန်ကန်မျှတစွာနှင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး ဖိအားပေးရာတွင် အာဆီယံနှင့် အခြား ပါတနာများနှင့် နီးကပ်စွာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောသွားခဲ့သည်။

ထို့ပြင် လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုဆီ ဦးတည်စေခဲ့သည့် စစ်အုပ်စု၏ အရှိန်မြင့်နေသော အကြမ်းဖက်မှုအပေါ် ၎င်းတို့က ပြစ်တင်ရှုတ်ချခဲ့ကြသည်။ မြန်မာတွင် အကူအညီ လိုအပ်နေသူအားလုံးကို လူသားချင်းစာနာမှု အကူအညီများ အဟန့်အတားမရှိ ရောက်ရှိစေအောင် လုပ်ဆောင်ရေး တောင်းဆိုခဲ့ကြသည်။

ဒေါ်ဇင်မာအောင်ကို သူမ၏ ရဲစွမ်းသတ္တိနှင့် မြန်မာပြည်သူများအတွက် စူးစိုက်နှစ်မြှုပ်ထားမှုတို့အတွက် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးက ကျေးဇူးတင်စကား ဆိုခဲ့သလို အားလုံးအတွက် အားလုံးပါဝင်လွှမ်းခြုံပြီး ငြိမ်းချမ်း၊ သာယာဝပြောသော ဒီမိုကရေစီစနစ်တစ်ခုအတွက် အမေရိကန်က အားပေးထောက်ခံမည်ဟု ကမ်းလှမ်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required