နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မစ္စတာရှောင်တာနယ်လ် တို့ကို စွဲဆိုထားသည့်အမှု စွဲချက်လျှောက်လဲချက် ကြားနာမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မစ္စတာရှောင်တာနယ်လ် တို့ကို စွဲဆိုထားသည့်အမှု စွဲချက်လျှောက်လဲချက် ကြားနာမည်

မေ ၁၃

ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး သုံးဦးကို စွဲဆိုထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃(၁)(ဂ)အမှု မေလ ၂၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက် လျှောက်လဲချက် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

တရားလိုဘက်က တင်သွင်းထားသည့် သက်သေများထဲမှ နောက်ဆုံး သက်သေ တစ်ဦးကို မေလ ၁၂ရက် ရုံးချိန်းတွင် စစ်ဆေးပြီးသည့် အတွက် နောက်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အမှုကို စွဲချက်တင်သင့်၊ မသင့်အပေါ် လျှောက်လဲချက် ပေးရမည်ဖြစ်သည်။

ယင်းအမှုမှာ မစ္စတာရှောင်တာနယ်လ် ၏ ကွန်ပျူတာ၊ စာရွက်စာတမ်းများတွင် တွေ့ရှိချက်များနှင့် ဆက်စပ်ပြီး ၎င်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ပူးတွဲ စွဲဆိုထားခြင်းဖြစ်သည်။

တရားလိုမှာ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင် ဖြစ်ပြီး အမှုကို အပတ်စဉ် ကြာသပတေးနေ့တိုင်း နေပြည်တော် ကောင်စီဝင်း အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

ပုဒ်မ ၃(၁)(ဂ) တွင် "ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချက်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသော တရားဝင် သင်္ကေတ၊ သို့မဟုတ် စကားဝှက် တစ်ခုခုကို သော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက် အလက်၊ မှတ်စု သို့မဟုတ် အခြားစာတမ်း အမှတ်အသား သို့မဟုတ် သတင်းအချက်အလက် တစ်ရပ်ရပ်ကို သော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် အခြားသူ တစ်ဦးဦးကို ဆက်သွယ် အကြောင်းကြားခြင်း ပြုလျှင်" အရေးယူခံရမည်ဟု ပြဌာန်းထားသည်။

ထို့အပြင် "အဆိုပါ ပြစ်မှုအား ကာကွယ်ရေးအစီအမံ၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ သို့မဟုတ် စခန်းချရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ နိုင်ငံတော်၏ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ တစ်ခုခုနှင့်စပ်လျဉ်း၍ သော်လည်းကောင်း ကျူးလွန်ခြင်းဖြစ်ပါက ထိုသူကို ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဖြစ်ပြီး အခြားအမှုများ ဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည်"ဟု ပြဌာန်း ထားသည်။

မစ္စတာရှောင်တာနယ်လ် အနေဖြင့် ပုဒ်မ ၃(၁)(ဂ)အပြင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့်ပါ တရားစွဲ ခံထားရခြင်းဖြစ်ပြီး ယင်းအမှုနှစ်ခုလုံးကို အထူးတရားရုံးတွင် တပြိုင်တည်း စစ်ဆေးနေခြင်းဖြစ်သည်။

#Mizzima

#ဒေါ်အောင်ဆန်းစုကြည်

#ပါမောက္ခရှောင်တာနယ်

#နိုင်ငံတော်လျှို့ဝှက်ချက်

#ဦးစိုးဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required