တောင်ကြီးမြို့ ရွိုင်ရယ်ဟိုတယ်က Play House Bar & Club ပိတ်ထားရန် SYFDA - Rangers က သတိပေးစာထုတ်

တောင်ကြီးမြို့ ရွိုင်ရယ်ဟိုတယ်က Play House Bar & Club ပိတ်ထားရန် SYFDA - Rangers က သတိပေးစာထုတ်

မေ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရွိုင်ရယ်ဟိုတယ်(Royal Taunggyi Hotel) တွင် ဖွင့်လှစ်ထားသော Play House ဘားနှင့် ကလပ်က လူငယ်များကို တော်လှန်ရေးတွင် မပါဝင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်နေသောကြောင့် အသိပေးစာထုတ်ပြန်သည့် ယခု အချိန်မှစ၍ ပိတ်ထားပေးရန် Shan Youth's Federal Democratic Army ( SYFDA - Rangers )က ယမန်နေ့ မေလ ၁၀ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ Play House ဘားနှင့် ကလပ်သည် ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို လျစ်လျူရှုပြီး စစ်အာဏာရှင် အလိုကျ တိုင်းပြည်ငြိမ်းချမ်းသွားသည့် အသွင်ဆောင်ကာ ပျော်ပါးကခုန်နေခြင်းများသည် တော်လှန်ရေးအရှိန်ကို နှောင့်နှေးစေပြီး မိမိတို့မြို့ ဂုဏ်သိက္ခာကို ထိခိုက်သဖြင့် ပိတ်ထားပေးစေလိုကြောင်းနှင့် မိမိတို့ သတိပေးစာအပေါ် လျစ်လျူရှုမှုများ ပြုလုပ်ပါက ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း SYFDA - Rangers အဖွဲ့က ဆိုသည်။

''ကျွန်တော်တို့အဖွဲ့က Play House Club ကို ပိတ်ပေးဖို့ သတိပေးစာထုတ်ထားတာ သူတို့ဘက်က အခုထိတော့ တုန့်ပြန်မှုတစ်စုံတစ်ရာမရှိသေးပါဘူးဗျ။ သူတို့ဘက်က လျစ်လျူရှုမယ်ဆိုရင် ပစ်ခတ်ဖောက်ခွဲမှုတွေ ပြုလုပ်သွားမှာမို့ ပြည်သူတွေကို သတိထားသွားလာဖို့ကို အသိပေးချင်ပါတယ်ဗျ။ ပြည်သူတွေသိသင့်တဲ့ mission တွေကိုလည်း ကျွန်တော်တို့ဘက်ကကြိုတင်အသိပေးတာတွေလုပ်ဆောင်ပြီးမှ တိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်ဗျ။ ကျွန်နော်တို့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နီးစပ်ရာ PDF တွေနဲ့ မဟာမိတ်ဖွဲ့လိုကြောင်းလည်း ပြောချင်ပါတယ်'' ဟု SYFDA - Rangers အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

Shan Youth's Fedral Democratic Army (SYFDA-Rangers) အဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း (တောင်ကြီးမြို့) ပေါ်တွင် နေထိုင်သောစစ်အာဏာရှင်ကို မလိုလားသည့် လူငယ်များစုပေါင်း၍ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန်၊ စစ်အစိုးရ၏ လည်ပတ်နေသော ယန္တရားများရပ်တန့်ရန်နည်းလမ်းမျိုးစုံဖြင့်တော်လှန်သွားရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

SYFDA အဖွဲ့သားများသည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရန်အတွက် EAOs နယ်မြေများတွင် စစ်သင်တန်းများကို စနစ်တကျသင်ကြားကာ Commando အဆင့်ထိအားလုံးပြီးမြှောက်အောင်သင်ကြားလာခဲ့ပြီး တိုက်ပွဲအတွေ့အကြုံများယူရန် နယ်မြေအချို့တွင် မိမိတို့ကိုယ်တိုင်အောင်မြင်စွာတိုက်ခဲ့နိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် SYFDA အဖွဲ့သည် တိုက်ပွဲများကိုယ်တိုင်ဆင်နွှဲရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ၊ အချိန်မရွေးနေရာမရွေးဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပွားနိုင်၍ ပြည်သူများအသွားလာများဆင်ခြင်ကြရန် အသိပေးထားသည်။

ထို့အပြင် မိမိတို့ဖောက်ခွဲရေးပစ္စည်းများထောင်ထားသောနေရာများတွင် မစပ်စုသင့်ကြောင်း၊ မသင်္ကာဖွယ်ရာ အရာများတွေ့လျှင် ဝေးဝေးမှ ရှောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဆင်ထားသောမိုင်းများသည် Upgrade မိုင်းများဖြစ်သဖြင့် ပြင်းအားလွန်စွာများသောကြောင့် ယင်းကဲ့သို့ပစ္စည်းများတွေ့လျှင်အမြန်ဆုံးရှောင်ပေးရန်လည်းShan Youth's Fedral Democratic Army (SYFDA-Rangers)အဖွဲ့က အသိပေးထားသည်။

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#တောင်ကြီးမြို့

#Play House Bar & Club

#Shan Youth's Federal Democratic Army (SYFDA - Rangers)

#သတိပေးစာထုတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly