ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၄ ဦးသေ၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၂ဦးကျ

ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၄ ဦးသေ၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၂ဦးကျ

မေ ၁၁

စစ်ကိုင်းတိုင်း ၊ကလေးမြို့တောင်ပိုင်း ၊ရေရှင်ရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား သုံးရက်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ နှစ်ဦးကျဆုံးကြောင်း PDF – Kalay က ယမန်နေ့ မေလ ၁၀ရက် တွင် ထုတ်ပြန်ထားသည်။

မေလ ၈ရက် မွန်းလွဲအချိန်တွင် အင်ကျွန်းရွာနှင့် ကြံသာရွာဘက်မှ စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးများ စစ်ကြောင်းနှစ်ကြောင်း အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ထိုည၇နာရီမှ ည၁၀နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆိုသည်။

ထိုကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် မှ ၁၀ဦးသေဆုံးပြီး PDF – Kalay နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG နှင့် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေရှင်ရွာဘက်သို့ ဆက်လက်ထွက်ခွာလာသော အဆိုပါစစ်ကြောင်းအား မေလ ၉ ရက် နံနက်၈နာရီ၌ ရေရှင်ရွာအနီးတွင် ဆက်လက်ခုခံတိုက်ခိုက်ရာ ညနေ ၄နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ PDF – Kalay မှ တပ်ဖွဲ့ဝင်နှစ်ဦးအသက်ပေးဆပ်စွန့်လွှတ်ခဲ့ရကြောင်း ဆိုသည်။

ယမန်နေ့ မေလ ၁၀ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ရေရှင်ရွာအနီးသို့ ဆက်လက်ဦးတည်လာရာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နံနက်၉နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူများ အလုံးအရင်းအသုံးပြု၍ ချဉ်းကပ်လာသဖြင့် ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် ထိရောက်စွာ ဆက်လက်ခုခံရန် လက်နက်ခဲယမ်း မလုံလောက်တော့သဖြင့် ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် ရေရှင်ရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့

#စစ်ကောင်စီတပ်ဖွဲ့

#ကာကွယ်ရေးတပ်ဖွဲ့

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required