ပင်းတယမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပင်းတယမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မေ ၁၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးရွှေဖီ ဆိုသူ ယနေ့ မေလ ၁၀ ရက်၊ နံနက် ၇ နာရီခန့်တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၅၅ နှစ်အရွယ် ဦးရွှေဖီသည် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်ပြီး ရပ်စောက် ဗထူးတပ် အတွင်း အဝင်၊အထွက်ရှိကြောင်း မတ်လ ၂၁ ရက်တွင် အသတ်ခံရသော တောင်ပေါ်ကြီးကျေးရွာမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသူ ဦးမိုးမြင့်သူနှင့် ရင်းနှီးသူ ဖြစ်ပြီး ပျူစောထီးအနေဖြင့် မကြာခဏ အစည်းအဝေး လုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

''ဦးရွှေဖီက ကြံ့ဖွတ်ပါတီ အမာခံ တစ်ဦးပါ။ ပန်းစစ်ရွာအတွင်း PDF ဆိုပြီး ထင်ရာမြင်ရာ လက်ညှိုးထိုး ဖမ်းခိုင်းသူ ဒလန်အကြီးစားပါ။ သူက ရပ်စောက် ဗထူးတပ်အတွင်း အဝင်ထွက် အမြဲလုပ်တယ်။ အသတ်ခံရပြီး ဖြစ်တဲ့ မိုးမြင့်သူနဲ့လည်း အရမ်းရင်းနှီးပြီး ပျူစောထီးအနေနဲ့ ခဏခဏ အစည်း ဝေးလုပ်ခဲ့ကြတယ်။ ဒီမနက် ရွာထဲမှာ မင်္ဂလာဆောင် ရှိတယ်။ မင်္ဂလာဆောင် သွားတဲ့လမ်းမှာ အသတ်ခံရတာပါ'' ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ယင်းအချက်များနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပင်းတယမြို့နယ်တွင် စစ်ကောင်စီ သတင်းပေး ဆိုသူများ အသတ်ခံရသည့် အနက် ဦးရွှေဖီ မှာ ခြောက်ဦးမြောက်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#ပင်းတယမြို့

#PDF

#ပျူစောထီး

#တောင်ပေါ်ကြီးကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly