ရန်ကုန်လေဆိပ်၌ CDM ဝန်ထမ်းနှင့် တိုက်ပွဲဖြစ်ပွါးရာဒေသများတွင် နေထိုင်သူများ ပြည်ပထွက်မည်ဆိုပါက စစ်ဆေးဖမ်းဆီးနေ

ရန်ကုန်လေဆိပ်၌ CDM ဝန်ထမ်းနှင့် တိုက်ပွဲဖြစ်ပွါးရာဒေသများတွင် နေထိုင်သူများ ပြည်ပထွက်မည်ဆိုပါက စစ်ဆေးဖမ်းဆီးနေ

မေ ၉

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ CDM ဝင်ထားသည့် ဝန်ထမ်းများကို စစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင်၊ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်သူများ၊ ပြည်ပထွက်ခွါမည်ဆိုပါက လေဆိပ်တွင် စစ်ဆေးဖမ်းဆီးခြင်းများရှိနေသည်ဟု သိရသည်။

''CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို နာမည်စာရင်းအတိအကျနဲ့ လေယာဉ်ပေါ်တက်ခါနီး လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ဖမ်းဆီးထားတာတွေ ရှိတယ်ဆိုပြီး ကြားနေရတာ။ အခုတော့ ကျွန်မတို့မင်းတပ် အိမ်ဘေးက ကောင်မလေးက စင်္ကာပူထွက်ပြီး အလုပ်သွားလုပ်မှာ။ အဲဒါ စာရွက်စာတမ်းအားလုံး ပြည့်စုံရဲ့သားနဲ့ သူ့ကို စစ်ဆေးစရာလေးရှိလို့ဆိုပြီး လေယာဉ်ပေါ်မတက်ခိုင်းဘူး၊ လေယာဉ်လက်မှတ်တွေ၊ကုန်ကျစရိတ်တွေအားလုံး ဆုံးကုန်ပြီပေါ့''ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မှတ်ပုံတင်ထဲတွင် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ မြိုင်မြို့နယ်၊ ကလေးမြို့နယ် နေသူတွေကိုလည်း ပြည်ပကိုထွက်ခွင့်မပေးဘဲ စစ်ဆေးမှုများ ယခင် ကထက်ပို၍ တင်းကျပ်လာသည်ဟု လေဆိပ်နှင့်နီးစပ် သူများထံမှ သိရသည်။

''မြိုင်ဖက်က ကောင်လေးတစ်ယောက် လေယာဉ်ပေါ်ပါသွားတယ်။ သူတို့စစ်နေရင်းနဲ့ လွတ်သွားတာ။ ပြည်ပထွက်ပြီး အလုပ်သွားလုပ်ကြတာ။အဲဒါကို သူတို့ကိုလာပို့တဲ့ အေးဂျင့်(ပွဲစား)ကိုဖမ်းခေါ်ထားလိုက်ကြတယ်''ဟု လေဆိပ်တွင်တက္ကစီဆွဲနေသည့်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှအာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် လူငယ်များနှင့် CDMဝင်ထားသည့်သူအများအပြား ပြည်ပထွက်ခွာနေကြသည်ဟုလည်း သိရသည်။

လက်တလောတွင် အမျိုးသမီးအများစုမှာ စင်္ကာပူနိုင်ငံကို ထွက်ခွါသူအများဆုံးဖြစ်နေပြီး အောက်လမ်းမှလည်း ထိုင်းနိုင်ငံသို့ ထွက်ခွါသည့်သူများလည်းရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၈ရက်နေ့တွင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်၌ စင်္ကာပူထွက်ခွာမည့် တောင်ကြီးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ကိုစောနွေဝင်းဆိုသူ ဖမ်းဆီးခံရပြီးပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြသည့် အစိုးရဝန်ထမ်းများကို စစ်ကောင်စီက အလုပ်ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာမှ နှင်ချခြင်းနှင့် NLDအစိုးရလက်ထက်က ချေးပေးခဲ့သည့် ချေးငွေများပြန်လည်တောင်းခံခြင်းတို့ ပြုလုပ်လျက်ရှိသည်။

#Mizzima

#ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

#တိုက်ပွဲဖြစ်ပွါးရာဒေသ

#အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု(CDM)

#လေဆိပ်တွင်စစ်ဆေးဖမ်းဆီးခံရ

#ပြည်ပအလုပ်အကိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required