တနင်္သာရီမြို့ ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရ ၃ဦး သေဆုံး PDF ၁ ဦးကျ

By ကိုရွှေမြိတ်
08 May 2022
တနင်္သာရီမြို့ ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရ ၃ဦး သေဆုံး PDF ၁ ဦးကျ

တနင်္သာရီ၊ မေလ၊ ၈

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်းကို မေလ ၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) မြိတ်ခရိုင်တပ်ရင်း(၂)၏ တပ်ခွဲများ ပူးပေါင်း ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ သုံးဦးသေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းချိန်တွင် အပြန်အလှန်ပစ်ခတ်မှု ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီအကျဉ်းစခန်းမှာ လွန်ခဲ့တဲ့လပိုင်းလောက်က စစ်တပ်က လာရောက်တပ်စွဲထားတာကြောင့် ကျွန်တော် တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအကျဉ်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှသုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကြောင်း အကျဉ်းစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။

“ အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာ သေဆုံးတဲ့ သုံးယောက်က ထောင်ဝန်ထမ်းလား စစ်တပ် ကလားဆိုတာ အတိအကျမသိသေးဘူး” ဟု PDF တာဝန်ရှိသူက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သော PDF ရဲဘော်၏အလောင်းကို တိုက်ပွဲအခြေအနေကြောင့် သယ်ယူလာနိုင်ခြင်းမရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှသိရသည်။

ထုံခါအကျဉ်းစခန်းသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုတွင်ရှိပြီး ရဲဘက်ဆိုင်ရာ အကျဥ်းသားအများစုနှင့် မူးယစ်ဆေးဝါးအမှု အကျဥ်းသားများရှိသည့် အလုပ်ကြမ်းစခန်းတစ်ခု ဖြစ်သည်။

အဆိုပါအကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် အကျဉ်းစခန်းတစ်ခုဖြစ်ပြီး ယခု ဖြစ်စဉ်မှာ တနင်္သာရီတိုင်းတွင် အကျဉ်းစခန်းကိုဝင်ရောက်စီးနင်းခံရသည့် ပထမဆုံးဖြစ်စဉ် ဖြစ်သည်။

ဓာတ်ပုံ - ထုံခါရွာက အကျဥ်းစခန်း။(ပုံဟောင်း)

#Mizzima

#တနင်္သာရီတိုင်း

#မြိတ်ခရိုင်

#တနင်္သာရီမြို့နယ်

#ထုံခါအကျဉ်းစခန်း

#စီးနင်းတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly