မအူပင်မြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ် နေအိမ် မီးရှို့ခံရ

မအူပင်မြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ် နေအိမ် မီးရှို့ခံရ

မေ ၄

ဧရာ၀တီတိုင်း၊ မအူပင်မြို့ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံကျောင်းလမ်းရှိ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၏ နေအိမ် မေလ ၂ ရက်နေ့ ည ၁၀ နာရီခန့်က မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ဦးဇော်မိုးအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ်နှင့် အိမ်အနောက်ဘက်အဆောင်အား ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရ ခြင်းဖြစ်ပြီး ငှက်မုဆိုးမအူပင်သွေးသောက်အဖွဲ့က ၎င်းတို့လုပ်ဆောင်သည်ကိုသိရှိရန် စာတစ်စောင်ထား ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါစာထဲတွင် “ အေးချမ်းနေတဲ့ မအူပင်မြို့ကို မနှောက်ယှက်နဲ့ ငါတို့မြို့သွေးစွန်းရင် မင်းတို့အားလုံး မျိုးပြုတ်မယ် နောက်ဆုံးအကြိမ်သတိပေးခြင်းပဲ ငှက်မုဆိုးမအူပင်သွေးသောက်အဖွဲ့” ဟု ရေးသားထား သည်ဟု ၎င်းကဆိုသည်။

“ ဓာတ်ဆီလောင်းပြီးရှို့တာဆိုတော့ တစ်အိမ်လုံးကုန်အောင်ရှို့တဲ့သဘောပဲဗျ။ အဆင်မသင့်ရင် တစ်ရပ် ကွက်လုံးတောင် မီးလောင်သွားနိုင်တယ်။ အခုကတော့ အိမ်အနောက်ဘက်အဆောင် နည်းနည်းပဲလောင် သွားလို့တော်တာ” ဟု ဒေသခံကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရဲသတင်းပေးများအား ရှင်းလင်းသည့်ဖြစ်စဥ်များအပြီးတွင် စစ်ကောင်စီတပ်များနှင့်ရဲများ ရောက်ရှိလာတတ်သော်လည်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နေအိမ် အား သွေးသောက်အဖွဲ့အမည်ခံများကမီးရှို့ခဲ့သည့် ညပိုင်းက စစ်ကောင်စီတပ်များ၊ ရဲများနှင့် မီးသတ်တပ် ဖွဲ့ဝင်များ ရောက်ရှိလာခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

#Mizzima

#မအူပင်မြို့

#NLDလွှတ်တော်ကိုယ်စားလှယ်

#နေအိမ်မီးရှို့ခံရ

#ငှက်မုဆိုးမအူပင်သွေးသောက်အဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required