မေ ၄
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် နွားကျောင်းထွက်လာသည့် လိုင်တွီးရွာသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ ၍ တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လိုင်တွီးရွာအနီး လင်တာန်တောင်ကြောတွင် နွားနောက်ကျောင်းထွက်နေသည့် ဦးဇင်ထန့်လျန်း(၆၈နှစ်) နှင့် ဦးဆုမ်းခန့်လျန်း(၃၁ နှစ်)တို့ မေလ ၂ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်သည်။
ဦးဇင်ထန့်လျန်းသည် မြေမြှုပ်မိုင်းနင်းမိသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ဦးဆုမ်းခန့်လန်း(၃၁နှစ်) မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဆေးကုသမှုခံယူနေရကြောင်း လိုင်တွီးကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။
“ မိုင်းနင်းမိလို့ တစ်ယောက်သေဆုံးတာ ဟုတ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ မီဇိုရမ်ပြည်နယ်က ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေတယ်” ဟု အဆိုပါ လိုင်တွီးရွာသားက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး PDF- Zoland က အပြစ်မဲ့ပြည်သူများ၏ အသက်နှင့် ပြင်းထန်ဒဏ်ရာရရှိ သည်အထိ ဆုံးရှုံးမှုများအတွက် ဇိုးမီးဓလေ့ထုံးတမ်းနှင့်အညီ တရားမျှတမှုရသည်အထိ မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
လိုင်တွီးကျေးရွာအနီး လင်တာန်တောင်ကြောသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ သွားလာလှုပ်ရှားသည့်နေရာဖြစ်ပြီး အဆိုပါမိုင်းကို မည်သည့်အဖွဲ့ထောင်ထားသည်ကိုမူ မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။