၂၀၁၆ ထဲတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည့် အဆိုတော် ရဲလေး

၂၀၁၆ ထဲတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည့် အဆိုတော် ရဲလေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။          ။ အဆိုတော် ရဲလေးသည် ၎င်း၏ တစ်ကိုယ်တော် တေးအယ်ဘမ်အသစ် နှင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၁၆ ခုနှစ် အတွင်းတွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း အဆိုတော် ရဲလေးက မဇ္ဈိမကို ပြောသည်။

တစ်ကိုယ်တော် တေးအယ်ဘမ် အသစ်အတွက် လက်ရှိတွင် တေးသီချင်းများ ရေးလျက်ရှိပြီး ၎င်း သီဆိုနေကြ တေးသီချင်း ပုံစံများဖြစ်သည့် R&B နှင့် Hip Hop ပုံစံများ အပါအဝင် အမြူးပုံစံ အဆွေးပုံစံများ ပါဝင်မည် ဖြစ်သည်။

အဆိုတော် ရဲလေးက "ဒီနှစ်ထဲမှာ အခွေသစ်ထွက်မယ်။ တစ်ကိုယ်တော် ရှိုးလဲ လုပ်မယ် အခွေနဲ့ ရှိုးပွဲ က တော့ ချိတ်မယ် ကျွန်တော့ Fun တွေအားလုံး ပျော်ဖို့အတွက်ပေါ့။ ကြားထဲမှာ အတွဲခွေတွေ ထွက်မယ်။ သြင်္ကန်ခွေတွေ ထွက်မယ်။" ဟု ပြောသည်။

အသစ် ထွက်ရှိရန် စီစဉ်နေသည့် တစ်ကိုယ်တော် တေးအယ်ဘမ်သည် အဆိုတော် ရဲလေး၏ ၈ခွေမြောက် တစ်ကိုယ်တော် အခွေ ဖြစ်ပြီး ကိုယ်တိုင် ရေးသားထားသည့် သီချင်းများ ပါဝင်မည် ဖြစ်ကာ Featuring အဆိုတော်များလည်း ပါဝင်မည် ဖြစ်သည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး တေးသီချင်းအဟောင်း နှင့် အသစ်များဖြင့် ပရိသတ်ကို မျှတစွာ ဖျော်ဖြေသွားရန် စီစဉ်ထားသည်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့အပြင် မန္တလေးမှာပါ ကျင်းပ သွားမည်ဟု ရဲလေးက ပြောသည်။

"ကျွန်တော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တွေရှိတဲ့နေရာ တော်တော်များများကို လုပ်သွားဖို့ စဉ်းစားထားပါတယ်။ အဲတာ့အပြင် Group Tour လေးတွေလည်း တောက်လျှောက်လုပ်ဖို့ စဉ်းစားထားတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အဆိုတော်တွေ အကုန်ပါမှာပေါ့" လို့ ပြောသည်။

အဆိုတော် ရဲလေးသည် ၂၀၁၆ ခုနှစ်ထဲတွင် အနုပညာ လှုပ်ရှားမှုများကို ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ပြီး တေးသီချင်း သီဆိုမှုအပြင် Myanmar Media 7 မှ ရိုက်ကူး ပုံဖော်မည့် ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ရုပ်သံ ဇာတ်လမ်းတွဲတွင်လည်း ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

နှင်းဆီရင်ခွင်အငြိမ့် အဖွဲ့တွင်လည်း လူရွှင်တော် တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် အဆိုတော် ရဲလေးသည် နှင်းဆီရင်ခွင် အငြိမ့်တွင် ပြန်လည် ပါဝင်သွားမည် ဖြစ်ပြီး အဆိုတော် သရုပ်ဆောင်အပြင် လူရွှင်တော်တစ်ဦး အဖြစ်ပါ ပြန်လည် မြင်တွေ့ရမည် ဖြစ်သည်။

အဆိုတော် ရဲလေး အနေဖြင့် ကျွန်တော်နှင့်သက်ဆိုင်သော၊ အိမ်၊ First Live Concert၊ တတိယကာရန်၊ ရကောက်ဘဝဖြင့်နေထိုင်ခြင်း၊ Swag Mini Album၊ နောက်တစ်ခေါက် စသည့် တေးအယ်အမ်များကို ထွက်ရှိခဲ့သူ တစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly