ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးအရာရှိ ဒေါ်တင်မာအောင်တာဝန်များမှ အနားယူ

ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးအရာရှိ ဒေါ်တင်မာအောင်တာဝန်များမှ အနားယူ
ဓာတ်ပုံ-နေသာ မဇ္စျိမ
 

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်ရေးအရာရှိလည်းဖြစ်၊ ဥက္ကဋ္ဌရုံးတာဝန်ခံလည်း ဖြစ်သူ ဒေါ်တင်မာအောင်က ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တာဝန်မှ အနားယူခဲ့ပြီဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှူဆောင်အချို့ထံမှသိရသည်။

"ရက်ကိုသေချာတော့မသိပါဘူးခင်ဗျ။ ဥက္ကဋ္ဌရုံးတာဝန်ခံအနေနဲ့ ဥက္ကဋ္ဌဘေးကအမြဲရှိနေတဲ့ တာဝန်ကတော့ အနားယူတာဟုတ်ပါတယ်။ သူ့အဖေရဲ့အလုပ်တစ်ချို့ကို ဝိုင်းကူလုပ်ပေးဖို့လို့လည်း သိရပါတယ်။ အဲဒီဥက္ကဋ္ဌရုံး တာဝန်ခံကို ပြန်ခန့်အပ်မှာကိုလည်း ကျွန်တော်တို့မသိပါဘူး။" ဟု NLD ဗဟိုအလုပ်အမှူဆောင် ဦးဉာဏ်ဝင်း ကပြောသည်။

NLD ပါတီလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဗဟိုအလုပ်အမှူဆောင်များက တာဝန်ယူထားသော်လည်း ပါတီကို ဦးဆောင်ကာ ဥက္ကဋ္ဌကဆောင်ရွက်နေသည့် ကိစ္စများအတွက် ပါတီဥက္ကဋ္ဌရုံးကတာဝန်ယူဆောင်ရွက် နေခြင်းဖြစ်သည်။

ယင်းအပြင် ပါတီဥက္ကဌရုံးသည် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းတည်ရှိပြီး ပါတီဥက္ကဋ္ဌနှင့် နိုင်ငံခြား သံတမန်များ၊ အရာရှိများစသည်တို့နှင့် ပါတီဥက္ကဋ္ဌတွေ့ဆုံမှု၊ ဥက္ကဋ္ဌ၏လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် တာဝန်ယူ ဆောင်ရွက်ပေးခြင်းလည်းဖြစ်သည်။

NLD ဗဟိုအလုပ်အမှူဆောင် ဦးဟံသာမြင့်ကမူ " ဒေါ်တင်မာအောင်က ဥက္ကဋ္ဌရဲ့လွှတ်တော်ကိစ္စတွေ၊ ပါတီက အရေးကြီးကိစ္စတွေကို ဥက္ကဋ္ဌကိုယ်တိုင်ဆောင်ရွက်တာတွေရှိတယ် အဲဒီလိုကိစ္စတွေကို ဥက္ကဋ္ဌရုံးကနေပြီးလုပ် ပေးတာ။ ဥက္ကဋ္ဌကျန်းမာရေးဆရာဝန်ရှိပေမယ့်၊ ကျန်းမာရေးနည်းလမ်းတွေကို ဒေါ်တင်မာအောင်က လမ်းညွှန် ကူညီတာလည်းရှိတယ်။" ဟုဆိုသည်။

ဒေါ်တင်မာအောင်သည်  ၁၉၉၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှထပ်မံလွှတ် မြောက်သည့် အချိန်မှစတင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စတင်ကာလက်တွဲကာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်တင်မာအောင်ကို၂၀၁၅ခုနှစ်ရွေးကောက်ပွဲအနိုင်ရရှိထားသည့် NLD ပါတီက အဆိုပြုမည့် သမ္မတလောင်း တစ်ဦးဟုလည်း နိုင်ငံရေးအင်အားစုများကခန့်မှန်းပြောဆိုနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly