လူကုန်ကူးခံရမှုတွင် အမျိုးသမီးငယ်များ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရမှု အများဆုံးဖြစ်နေ

လူကုန်ကူးခံရမှုတွင် အမျိုးသမီးငယ်များ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရမှု အများဆုံးဖြစ်နေ

နေပြည်တော်၊ဇန်နဝါရီ ၃၀ ။          ။ ပြည်တွင်းလူကုန်ကူးမှု အမျိုးအစားများတွင် အမျိုးသမီးများကို ပြည့်တန်ဆာ အဖြစ်စေခိုင်းခံရမှု သည်အများဆုံးဖြစ်ပေါ်နေကြောင်း လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၀ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အမျိုးသမီးငယ်အများစုမှာ ပြည့်တန်ဆာအပြုခံရခြင်း ၊ အဓမ္မလက်ထပ်ခိုင်းစေခြင်း ၊ အဓမ္မခိုင်းစေခြင်း များမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စာရင်းများတွင်ဖော်ပြထားသည်။

“ လက်ရှိအနေအထားအရ အရေးယူနေတဲ့အမှုက ပြည့်တန်ဆာ ပြုခြင်းပေါ့နော် လူကုန်ကူးမှုနဲ့ပက်သက်လာလို့ရှိရင် ပြည့်တန်ဆာပြုခြင်း အမျိုးအစား၊ ပြည့်တန်ဆာ အဖြစ်အခိုင်းခံရတာပေါ့နော် ၊ လုပ်အားကို ခေါင်းပုံဖြစ်တယ် အဓမ္မအလုပ်လုပ်ခိုင်းတယ် လုပ်အားကို ခေါင်းပုံဖြတ်တယ် ၊ အမှုတွေရှိတယ် နောက်တစ်ခုက ကြွေးမြီးနဲ့နှောင်ဖွဲ့တဲ့အမှုတွေရှိတယ် ၊ ရန်ကုန်တိုင်းမှာလဲရှိတယ် ကလေးသူငယ်တွေကိုတောင်းရမ်းခိုင်းတာပေါ့ ၊အမျိုးသမီးငယ်တွေ အဓမ္မအပြုခံရတာ အများဆုံးပဲ ” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှုူး ဒေါ်အေးအေးမြင့် ကပြောသည်။

ပြည်တွင်းလူကုန်ကူးမှုအမျိုးအစားများတွင် ပြည့်တန်ဆာပြုခြင်းအပါအဝင် အခြားနည်းလမ်းများဖြင့် လူကုန်ကူးခံရမှုများသည် ၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ ၁၈၁ မှုရှိခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းလူကုန်ကူးမှု ၂၁ မှုအနက် ပြည့်တန်ဆာအဖြစ်စေခိုင်းခံရမှု ၁၆ မှုရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းလူကုန်ကူးမှု ၂၆ မှု ၊ ၂၀၁၃ ခုနှစ်တွင် ပြည်တွင်း လူကုန်ကူခံရမှု ၂၃ မှုရှိခဲ့သည်။

 ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ်များအတွင်း ပြည်တွင်းလူကုန်ကူးခံရမှုများသည် ရှမ်းပြည်နယ် တွင် ၂၀၁၅ ခုနှစ်၌ ၃၉ မှု ၊ ၂၀၁၄ ခုနှစ်၌ ၅၆ မှု ၊ ၂၀၁၃ ခုနှစ်၌ ၄၀ မှု ဖြင့်အများဆုံးဖြစ်ပေါ်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပေါ်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု များတွင်ကျူးလွန်ခဲ့သည့် တရားခံစုစုပေါင်း ၂၄၆ ဦးဖမ်းစီးရမိခဲ့ကြောင်း နှင့် တရားခံ ၁၄၀ ဦးထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရရှိခဲ့သည့် စာရင်းများအရသိရသည်။

လူကုန်ကူးမှုတားဆီနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရရှိခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ တရားစွဲဆိုခဲ့သည် အမှုစာရင်းချုပ် အရ ပြည်တွင်းလူကုန်ကူးမှုများသည် ၂၀၀၆ ခုနှစ်၌ ၁၁ မှု ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်၌ ၂၁မှု ဖြစ်ပေါ်ခဲ့ကာ ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ်များအတွင်း ပြည်တွင်းလူကုန်ကူးမှုများသည် သိသိသာသာ တိုးလာခဲ့ခြင်း(သို့မဟုတ်) လျော့နည်းသွားခြင်း မရှိခဲ့သည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly