ပုလောတွင် ကြံ့ခိုင်ရေးပါတီအမတ်လောင်း လက်ဘက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရ

By ကိုရွှေမြိတ်
24 April 2022
ပုလောတွင် ကြံ့ခိုင်ရေးပါတီအမတ်လောင်း လက်ဘက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရ

ပုလော၊ဧပြီလ(၂၄)

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် ကြံ့ခိုင်ရေးပါတီဝင် အမတ်လောင်းတစ်ဦး ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီသတင်းပေး ဒလန်များနှင့် လက်ဘက်ရည်ဆိုင်ထိုင်ရန် ပြင်ဆင်နေစဉ် သေနတ်နှင့်ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

သေနတ်ဖြင့်ပစ်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဝင် အမတ်လောင်း ဦးဇာနည် အောင်သည် ပုလောမြို့နယ် အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းသည် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် သတင်းပေးဒလန်များနှင့်အတူစုဝေးရာ လက်ဘက်ရည်ဆိုင် ထိုင်ရန်ရောက်ရှိလာစဉ် ဦးခေါင်းကိုပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက “ သူက စစ်ကောင်စီအားပေး အဓိက ထောက်တိုင်ဖြစ်တယ်။ ပျူစောထီး ဒလန် ကြံ့ဖွတ်အမတ်တစ်ဦးဖြစ်တယ် ” ဟု ပြော သည်။

ဦးဇာနည်အောင်မှာ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ပုလောမြို့အခြေစိုက် လူမှုကူညီရေးအသင်းကားဖြင့် မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆေးရုံကို အရေးပေါ် ပို့လိုက်တယ်သိရတယ်။ သေ မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဦးဇာနည်အောင်သည် ပုလောမြို့နယ်တွင် စစ်ကောင်စီမှမတရား ဖမ်းဆီးခံထားရသည့် ပြည်သူများအပေါ်တွင် ငွေကြေးတောင်းခံခြင်း၊ ‌တော်လှန်ရေးသမား မိသားစုများ အား စစ်ကောင်စီတပ်ဖွဲ့ဝင် စရဖနှင့် ရဲများကို သတင်းပေးတိုင်တန်းခြင်းတို့အပြင် မိုက်ကြေးခွဲ ပေါင်းစား နေသည့် အမှုပွဲစားတစ်ဦးဖြစ်သောကြောင့် ပြည်သူလူထုအတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

“ဇာနည်အောင်က အရင်သေသွားတဲ့ကြံ့ဖွတ်အမတ် အောင်နေဇာလင်းအသတ်ခံရပြီး နောက်ပိုင်း အပြင် ကိုသိပ်မထွက်ရဲဘူး။ သူ့ရဲ့ နေအိမ်မှာပဲနေတာများတယ်”ဟု ဒေသခံ တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့)ကလည်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌလည်း ဖြစ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဦးအောင်နေဇာလင်းသည် သေနတ် ဖြင့်ပစ်ခံခဲ့ ပြီး သေဆုံးခဲ့သည်။

ဦးဇာနည်အောင်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်မှ ကြံခိုင်ရေးပါတီ အမျိုးသား လွှတ်တော် အမတ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

#Mizzima

#ပုလောမြို့နယ်

#သေနတ်ဖြင့်ပစ်ခတ်ခံရ

#ကြံ့ခိုင်ရေးပါတီ

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required