တယ်လီနောပိုင်ရှင်အသစ်က တယ်လီနော ဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်း၍ မှတ်ပုံမတင်သည့် ကတ်အချို့၏ အထွက်ခေါ်ဆိုမှုများကိုပိတ်ပင်

တယ်လီနောပိုင်ရှင်အသစ်က တယ်လီနော ဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်း၍ မှတ်ပုံမတင်သည့် ကတ်အချို့၏ အထွက်ခေါ်ဆိုမှုများကိုပိတ်ပင်

ဧပြီ ၂၄

ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောမြန်မာကို လုပ်ငန်းပိုင်ရှင်သစ်က လွှဲပြောင်းရယူပြီးနောက် တယ်လီနော အသုံးပြုနေသူများ၏ ဆင်းကတ် မှတ်ပုံတင်များ ပြန်တင်ခိုင်းနေပြီး မှတ်ပုံမတင်သည့် ဆင်းကတ် အချို့၏ အထွက်ခေါ်ဆိုမှုများအား ပိတ်ပင်နေကြောင်း တယ်လီနောသုံးစွဲသူများထံက သိရသည်။

တယ်လီနောမြန်မာသည် ယခု ဧပြီလ လဆန်းပိုင်းက စတင်၍ ဆင်းကတ် အသုံးပြုသူများထံ မှတ်ပုံတင်ထားရှိသည့် ID မှားယွင်းနေကြောင်း အသိပေးစာ များကို ပေးပို့ကာ ဆင်းကတ် မှတ်ပုံတင်အသစ်များကို ထပ်မံလျှောက်ထားခိုင်းပြီး လုပ်ဆောင်ခြင်းမရှိသည့် ဆင်းကတ်အချို့၏ အထွက်ခေါ်ဆိုမှုများ ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။

“တယ်လီနောစထွက်ကတည်းက အရင်ကိုင်နေတဲ့ MPTနဲ့ နံပါတ်အတူတူကိုရအောင်ဝယ် မှတ်ပုံတင်ပြီးသုံးနေခဲ့တာ။ အရင်ရှေ့ပိုင်းမှာ အစိုးရက ပေါ်လစီတစ်ခုခုပြောင်းတိုင်း မှတ်ပုံတင်ခိုင်းလို့ အကြိမ်ကြိမ် တင်ပြီးသား။ အမှန်အကန်သုံးနေတာကို IDမှားယွင်းနေတယ် ပြန်တင်ပါဆိုပြီး စာပို့တယ်။ တယ်လီနောက စကစနဲ့ ပတ်သက်တဲ့ လူတွေကို ရောင်းလိုက် တယ်ဆိုကတည်းက အဲ့ဒီလိုတွေပို့လာတာ။ အဲ့ဒါနဲ့ မှတ်ပုံ ထပ်မတင်ဘဲ ထားလိုက်တာမှာ အထွက်ခေါ်ဆိုမှုတွေပိတ်သွားတယ်။ သူတို့ကိုလှမ်း ဆက်တော့ IDတင်ရင် ပြန်ဖွင့်ပေးမယ်ပြောတယ်။ အဲ့ဒါနဲ့ မသုံးတော့ဘဲ ပစ်သာထားလိုက်တယ်”ဟု ရန်ကုန်ရှိတယ်လီနောအသုံးပြုနေသူတစ်ဦးက ပြောသည်။

တယ်လီနောမြန်မာအနေဖြင့် ယခုလို တယ်လီနောဆင်းကတ် အသုံးပြုသူ အများစုကို IDအသစ် ပြန်လည်လျှောက်ထားရန် လုပ်ဆောင်ခိုင်းမှုမှာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ ရိုးသားမှု မရှိသလို ခံစားရ၍ တယ်လီနော အသုံးပြုသူအများစုမှာ ပြန်လည် မှတ်ပုံတင်ဖို့ လုပ်ဆောင်ခြင်းများ မရှိတော့ ကြောင်း သိရသည်။

“Mytel ကိုလုံးဝမသုံးဘူး။ MPT ကိုလည်း ဟိုကောင်တွေပတ်သက်တာပဲမို့ မသုံးဘူး။ တယ်လီနောက စိတ်ချရတာမို့ သုံးခဲ့တာ။ တယ်လီနောကို ရောင်းချဖို့လုပ်နေချိန်မှာလည်း မရောင်းချဖို့အတွက် လက်မှတ်ထိုးတာမှာ ပါခဲ့သေးတယ်။ ပထမတော့ ဆက်သုံးနေတာပေါ့။ အခုလို စာတွေပို့လာတော့ ဒါကိုယုံကြည်လို့မရတော့ဘူးဆိုပြီး တခြားဟာပဲ ပြောင်းသုံးနေပါတယ်”ဟု တယ်လီနောအသုံးပြုသူတစ်ဦးက ပြောသည်။

နော်ဝေး ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် တယ်လီနောသည် မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဆက်လက် လုပ်ကိုင်လိုခြင်း မရှိတော့ဘဲ မြန်မာပြည်လုပ်ငန်းခွဲကို လက်ဘနွန်အခြေစိုက် M1 Groupကို ရောင်းချခဲ့သည်။ M1 Group ထံမှတဆင့် စစ်ကောင်စီနှင့် ပတ်သက်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပြန်လည်ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တယ်လီနောမြန်မာ၏ ပိုင်ရှင်အသစ်ဖြစ်သည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်သည် စစ်ကောင်စီနှင့် ပတ်သက်သည့် လုပ်ငန်းများစွာကို လုပ်ကိုင် ဆောင်ရွက်နေသူဖြစ်ပြီး စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်း ကျောက်စိမ်း တူးဖော်ခြင်းများကိုပါ လုပ်ကိုင်နေသူဖြစ်သည်။

#Mizzima

#တယ်လီနောမြန်မာ

#ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်

#ဦးသိန်းဝင်းဇော်

#တယ်လီနောဆင်းကတ်

#မှတ်ပုံပြန်တင်ခိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required