မြိတ်တွင် စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် နေအိမ်အနီးဗုံးပေါက်ကွဲ

By ကိုရွှေမြိတ်
23 April 2022
မြိတ်တွင် စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် နေအိမ်အနီးဗုံးပေါက်ကွဲ

မြိတ်၊ ဧပြီ (၂၃)

မြိတ်မြို့၌ စစ်ကောင်စီကခန့်အပ်ထားသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)တစ်ဦး၏နေအိမ် အနီးတွင် ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တစ်မြို့လုံး အစစ် အဆေးကြမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းအေး၏နေအိမ်သည် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုရှိ ရာပြည့်ရပ်ကွက် ရာပြည့် (၃)လမ်းထိပ်တွင်တည်ရှိပြီး နေအိမ် အနောက်ဘက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ရာပြည့်ရပ်ကွက်နေ ဒေသခံတစ်ဦးက “သူ့နေအိမ် အနောက်နားကနေပြီး ဗုံးပေါက်ကွဲမှုဖြစ်တာပါ။ စိတ် မနှံ့တဲ့အမျိုးသားတစ်ဦးက အထုပ်ထဲကဗုံးကိုထုတ်လိုက်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်”ဟု ပြော သည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အနည်းငယ်ထိခိုက်မှုရှိခဲ့‌ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေး ချိန်တွင် မပေါက်ကွဲသေးသည့် အခြားဗုံးအချို့ကိုပါ သိမ်းဆည်းရမိခဲ့သည့်အပြင် မြိတ်တောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီးတွင်ထောင်ထားသည့် ဗုံးတစ်လုံးကိုပါသိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြိတ်တောင်ကျေးရွာအုပ်စုရှိ စုပေါင်း ရုံးအနီးတွင် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကာ တစ်မြို့လုံးကိုလိုက်လံစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်တပ်က မြို့ထဲမှာ ဆိုင်ကယ်/ကားတွေကို ရပ်တန့်စစ်ဆေးတာတွေ လုပ်လာတယ်။ ဦးထုပ်မဆောင်း လိုင်စင်မပါရင် အကုန်ဖမ်းနေတယ်”ဟု ကိုယ်တိုင်စစ်ဆေးခံရသူ မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသောင်းအေးသည် ကြံ့ခိုင်ရေးပါတီ(USDP)၏ အမာခံတစ်ဦးဖြစ်သည့်အပြင် ရပ်/ကျေး အရန်မီးသတ်တပ်ဖွဲ့ မီးသတ်ဒုတပ်ရင်းမှူးတစ်ဦးလည်း ဖြစ် ကြောင်း သိရသည်။

#Mizzima

#မြိတ်မြို့နယ်

#နေအိမ်အနီးဗုံးပေါက်ကွဲ

#မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required