အငြိမ်းစားဒုဗိုလ်မှူးကြီးကို စစ်ကောင်စီတပ် အင်အားသုံးဖမ်းဆီး

အငြိမ်းစားဒုဗိုလ်မှူးကြီးကို စစ်ကောင်စီတပ် အင်အားသုံးဖမ်းဆီး

ဧပြီ ၂၂

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စစ်ကောင်စီ တပ်က အင်အားသုံးကာ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ(၉)လမ်းရှိနေအိမ်တွင်နေထိုင်သည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအောင်မြင်သူကို ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ မင်းရဲကျော်စွာ (၉)လမ်းထဲမှာရှိတဲ့ အိမ်မှာနေတဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးကို ဝင်ဖမ်းတာ။ လာတဲ့ စစ်တပ်က အင်အားတော်တော်များတယ်။ ကား ခြောက်စီး၊ ခုနစ်စီးလောက်ရှိတယ်။ သူ့ရဲ့ မိသားစုဝင် အချို့လည်း ဖမ်းဆီးခံလိုက်ရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခြင်းခံခဲ့ရသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအောင်မြင်သူသည် ၎င်း၏ လူမှုကွန်ရက်ဖေ့ဘွတ် စာမျက်နှာဖြစ်သည့် Aung Myin Thu အကောင့်တွင် စစ်တပ်အကြီးအကဲများနှင့် သံဃာတော်များကို မိုက်ရိုင်းစော်ကားနေသည်ဟုဆိုကာ စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တစ်ခုဖြစ်သည့် ကိုလှရွှေ (သတင်းမှန်)ချန်နယ်မှ ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် နေရပ်လိပ်စာ ဖုန်းနံပါတ်နှင့် တကွ ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည့် Status များကို Screen Shot ရိုက်ကာ ရွေဘဆီ အလုပ် အပ်ကြောင်း ရေးသားခဲ့သည်။

ထို့နောက် ယင်းနေ့ ညပိုင်းတွင်ပင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်မြင်သူကို စစ်ကောင်စီတပ်က အင်အားသုံးကာ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အဘကြီးက အသက်ကကြီးနေပြီ၊ ၈၀ လောက်ဖြစ်နေပြီ။ သူဘာမှလည်းမလုပ်နိုင်ဘူး။ Facebook မှာပဲ စာလေးရေးနိုင်တာ။ သူက အမှန်ကို အမှန်အတိုင်းရေးတယ်။ စာရေးတာကိုပဲ ငါနဲ့မတူငါ့ရန်သူဆိုပြီး ဟိုကောင်တွေကလဲ Telegram မှာတင်တယ်။ တင်တာကို ရပ်ကွက်နေပြည်သူတွေကသိလို့ ကြိုရှောင် ခိုင်းတယ်။ သူက အေးဆေးပါ ဘာညာဆိုပြီး မရှောင်ဘဲထိုင်စောင့်နေတာ။ သူတို့ လက်အောက်ခံခွေး (စစ်တပ်နဲ့ရဲ)တွေကလည်း အဲဒီလိုတင်သမျှကို လိုက်ဖမ်းနေတာပဲ” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် တောင်ဥက္ကလာပ မြို့နယ် ၊ (၁၁)ရပ်ကွက် ၊ (၈) လမ်းအတွင်းတွင်လည်း အင်အားအများအပြားဖြင့် ဝင်ရောက်စစ်ဆေးခြင်း များရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအောင်မြင်သူကို အောင်သပြေ စစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သတင်းဌာနအချို့တွင် ရေးသားဖော်ပြ ထားမှုများရှိနေပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ရန်စုံစမ်းလျက်ရှိသည်။

#Mizzima

#အင်အားသုံးဖမ်းဆီး

#အောင်မြင်သူ

#တောင်ဥက္ကလာပမြို့နယ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly