ဟိုင်းကြီးကျွန်း၌ အသက်မပြည့်သူ ၃ ဦးအပါဝင် ဒေသခံ ၁၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဟိုင်းကြီးကျွန်း၌ အသက်မပြည့်သူ ၃ ဦးအပါဝင် ဒေသခံ ၁၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဧပြီ ၂၂

ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းရှိ ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းဆိုသူ အသတ် ခံရပြီးနောက် အသက် မပြည့်သေးသည့်သူ သုံးဦး အပါဝင် ဒေသခံ ၁၅ ဦးကို စစ်ကောင်စီ တပ်များနှင့် ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဦးဇော်ထွန်း အသတ် ခံရသည့် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ ငါးဦးကို စစ်ကောင်စီ တပ်များနှင့် ရဲများက ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

"ဇော်ထွန်း အသတ်ခံရတဲ့ ညမှာပဲ အသက် လေးနှစ်အရွယ် ယောကျ်ားလေး တစ်ယောက်၊ အသက် ငါးနှစ် အရွယ် မိန်းကလေး တစ်ယောက်နဲ့ အသက် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ယောက် အပါဝင် ၁၀ ယောက်ကို ဖမ်းသွားပြီး ဒီမနက် ငါးယောက် ထပ်ဖမ်းတာပါ။ ဘာနိုင်ငံရေးမှ မသိတဲ့ ရွာသားတွေကို ဖမ်းသွားတာဗျ။ အကုန်လုံးက တောင်သူတွေချည်းပဲ။ ဘာမှ မသိ နားမလည်သေးတဲ့ ကလေးတွေကိုပါ ဖမ်းသွားတာတော့ စစ်ခွေး(စစ်ကောင်စီတပ်သား) တွေ တရား လွန်တယ်" အဆိုပါ ဒေသခံက ပြောသည်။

ရဲသတင်းပေးများကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခု အဖမ်းခံရသည့် အရပ်သားပြည်သူများသည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သည့် Pathein Western Defence Force (P.W.D.F) ၏ တပ်ဖွဲ့ တာဝန်ခံ တစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်စဥ်က ပါဝင်ခဲ့သည့် ငါးပြေမ ကျေးရွာသား တချို့နှင့် ဒေသခံများကို စစ်ကောင်စီတပ်များနှင့် ရဲများက လက်ရှိ လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် ထပ်မံ ဖမ်းဆီးမှုများ ပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်။

#Mizzima

#ဟိုင်းကြီးကျွန်း

#အသက်မပြည့်သူ

#စစ်ကောင်စီတပ်

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required