ရှမ်းပြည်နယ်တောင်ပိုင်း၌ စစ်ကောင်စီတပ် အင်အားဖြည့်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၌ စစ်ကောင်စီတပ် အင်အားဖြည့်နေ

ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း လဲချား၊ ပင်လုံနှင့် နမ့်စန် မြို့များတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျက် ရှိသည်။

ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်မှ စ၍ စစ်ကောင်စီ တပ်များသည် လဲချားမြို့နှင့် နမ့်စန်မြို့များရှိ ကျေးရွာများတွင် စစ်ကြောင်းများ ခွဲ၍ လှုပ်ရှားခြင်း၊ ကင်းစခန်း အသစ် တည်ဆောက်ခြင်းများကို ပြုလုပ်ခဲ့သည်။

ထိုဒေသများသည် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့ လှုပ်ရှား ထိန်းချုပ်ရာ နယ်မြေများ ဖြစ်သည်။

ဧပြီလ ၁၉ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းကျေးရွာ အုပ်စုရှိ SSPP တပ်စခန်း အနီးသို့ စစ်ကောင်စီတပ်များ အင်အားအများအပြား ဖြည့်တင်းလျက် ရှိကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ဟုတ်တယ်ဗျ။ ရွာဘက်ကို စစ်ကားက အစီး ၃၀ လောက် ရှိတယ် တက်လာတာ။ စစ်ကောင်စီက အရင် RCSS ရှိတုန်းကလည်း စစ်ကြောင်း ခဏခဏ ထိုးလာတာ ရှိပေမယ့် ခုလောက်တော့ အင်အား မများဘူးပေါ့။ တပ်ပေါင်းစုမှာကတော့ SSPP သာ ကျန်တော့မယ် ထင်တယ်။ ကျန်တဲ့ “ဝ” တပ်တို့ တအန်းတို့က ပြန်ကုန်ကျပြီ။ SSPP ကလည်း တိုက်ပွဲ ဖြစ်နိုင်တယ် ပြောထားတော့ စိတ်ပူတယ်" ဟု ဒေသခံက ပြောသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ဘက်ကမူ စစ်ကောင်စီနှင့် RCSS တို့က ၎င်းတို့ တပ်စခန်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ၎င်းတို့၏ သတင်းပြန်ကြားရေး စာမျက်နှာတွင် ဖော်ပြထားသည်။

RCSS နှင့် စစ်ကောင်စီတပ်တို့ ထိုးစစ်ဆင်ရန် ပြုလုပ်နေသည် ဟူသော ပြောကြားချက်နှင့် ပတ်သက်၍ RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံအား ဆက်သွယ် မေးမြန်းရာ ယုတ္တိ မရှိသော စွပ်စွဲချက်များ ဖြစ်ကြောင်း ပြောဆိုသည်။

ယခု ဖြစ်စဥ်နှင့် ပတ်သက်၍ SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုနှင့် စိုင်းဖုန်းဟန် တို့ကို အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

စစ်ကောင်စီတပ်များ အင်အား ဖြည့်တင်းနေသော ဆနင်းဒေသသည် မူလက RCSS ၏ ထိန်းချုပ် နယ်မြေ ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း မြောက်ပိုင်း မဟာမိတ်နှင့် တိုက်ပွဲများ အပြီးတွင် SSPP က ထိန်းချုပ်နိုင်ခဲ့သည်။

ဓာတ်ပုံ - ပုံအဟောင်း

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#RCSS

#SSPP

#စစ်ကောင်စီတပ်

#အင်အားဖြည့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required