အမ်းမြို့စစ်ဆေးရုံက ဒုတပ်ကြပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံ

အမ်းမြို့စစ်ဆေးရုံက ဒုတပ်ကြပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံ

ဧပြီ ၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ စစ်ဆေးရုံမှ ဒုတပ်ကြပ်တစ်ဦး ခိုလှုံလာကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) CDF Daai မှ ယမန်နေ့ ဧပြီလ ၂၁ရက်နေ့တွင် ထုတ်ပြန် သည်။

အမ်းမြို့ အမှတ် (၂)ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တဆရ(၂/၃၀၀) တပ်ရင်းမှ ဒုတပ်ကြပ် မြင့်သိန်း (ကိုယ်ပိုင်အမှတ်/တ ၄၂၆၆၃၈) သည် စစ်ကောင်စီ ခေါင်းဆောင်များ၏ မတရာအကြမ်းဖက်သည့် လုပ်ရပ်များကို မလိုလားသောကြောင့် ဧပြီလ ၁ရက်နေ့ တွင် မိသားစုနှင့်အတူ ဝင်ရောက်ခိုလှုံလာကြောင်း ဆိုသည်။

“ကျွန်တော်တို့ဆီကိုတော့ ရောက်တာကြာခဲ့ပေမဲ့ လုံခြုံရေးအရ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပြီး အခုမှ သတင်းထုတ်ပြန်ရတာပါ” ဟု CDF Daai တာဝန်ရှိသူက ပြောသည်။

ဆက်လက်၍ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိဘဲ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံချင်သူ ပြည်သူ့တပ်မတော်သားများအား နွေးထွေးစွာ လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ ကာကွယ်ရေးတပ်ဖွဲ့ထံ ဝင်ရောက်လာသော စစ်သား သုံးဦး ရှိပြီဖြစ်ပြီး လက်နက်ပါယူဆောင်လာပါက ထိုက်တန်သော ဆုကြေးငွေများ ချီးမြှင့် သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

Chinland Defense Force – Daai (CDF – Daai) အား စက်တင်ဘာ ၂၀ရက် ၂၀၂၁ တွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ၊ ဒိုင်ရ် ဒေသတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြင့်ပူးပေါင်းဖွဲ့စည်းထားသည့် Chinland Joint Defense Committee (CJDC) နှင့်လက်တွဲကာ လူမျိုးနှင့် ပြည်နယ်အား ကာကွယ်ရန် ၊ အကြမ်းဖက်စစ်အာဏာသိမ်းမှုအား ဆန့်ကျင်နေကြသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ (CRPH) တို့အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းချိတ်ဆက်ကာ ကာကွယ်ရေး ၊ နိုင်ငံရေးများအား ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#ရခိုင်ပြည်နယ်

#အမ်းမြို့

#တပ်မတော်စစ်ဆေးရုံ

#CDF Daai

#CDM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required