ဂရိတွင် ပင်စင်ပြုပြင်ပြောင်းလဲမည့်အစီအစဉ်ကို လယ်သမားများ ဆန္ဒပြ ရဲနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

ဂရိတွင် ပင်စင်ပြုပြင်ပြောင်းလဲမည့်အစီအစဉ်ကို လယ်သမားများ ဆန္ဒပြ ရဲနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

သက်ဆာလိုနီကီး၊ ဇန်နဝါရီ-၂၉ ။             ။ အစိုးရ၏ ပင်စင် ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ထုနှင့်ထည်နှင့် ဆန့်ကျင်ဆန္ဒပြမှုအတွင်း ဂရိနိုင်ငံမြောက်ပိုင်းတွင် လယ်သမားများနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အငြင်းပွားဖွယ် ပင်စင်ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ဆန့်ကျင်ရန်အတွက် ဂရိနိုင်ငံတစ်ဝန်းမှ ဒေါသထွက်နေသည့် လယ်သမား ၅၀၀၀ခန့်မှာ ကြာသပတေးနေ့က မြောက်ပိုင်း သက်ဆာလိုနီကီးမြို့တော်ရှိ လယ်ယာသုံးပစ္စည်းပြပွဲကျင်းပရာ အဆောက်အအုံအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။

စိုက်ပျိုးရေးဝန်ကြီး ဘန်ဂျလစ် အပိုစတိုလူးက ပြပွဲကို ဖွင့်လှစ်ပေးရန် ပြင်ဆင်နေရာ ညီလာခံခန်းမအတွင်းသို့ ဆန့်ကျင်သူများက ဝင်ရောက်ရန် ကြိုးစားရာမှ အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။

ဆန့်ကျင်သူများက အဓိကကျသော လမ်းမများကို ၎င်းတို့၏ ထွန်စက်များဖြင့် ပိတ်ဆို့ခဲ့ကြသောကြောင့် လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ပစ်ခွဲပြီး လူစုခွဲခဲ့ရသည်ဟု ဆိုသည်။

ရုန်းရင်းဆန်ခတ်မှုများကြောင့် စိုက်ပျိုးရေးဝန်ကြီး အပိုစတိုလူးမှာ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်၏ အစိုးရက အဆိုပြုခဲ့သည့် ပင်စင်ဖြတ်တောက်မှုက လယ်သမားများအပါအဝင် ကဏ္ဍစုံမှ လူများကို ဒေါသထွက်စေခဲ့သည်။ စီစဉ်ထားသည့် ပြုပြင်ပြောင်းလဲမှုများထဲတွင် အငြိမ်းစားခံစားခွင့်များ ဖြတ်တောက်ခြင်း၊ ပင်စင်ထည့်ဝင်မှု တိုးမြှင့်ခြင်းနှင့် အထူးသဖြင့် လယ်သမားများအတွက် ဝင်ငွေခွန် တိုးမြှင့်ခြင်းများ ပါဝင်နေသည်။

တစ်ချိန်တည်းမှာပင် အဆိုပြုထားသည့် ဖြတ်တောက်မှုများအပေါ် ဒေါသထွက်နေကြသည့် ဂျာနယ်လစ်များက ၂၄နာရီ သပိတ်မှောက်လိုက်ကြသောကြောင့်လည်း နိုင်ငံအတွင်းရှိ သတင်းအစီအစဉ်များ၊ ဝဘ်ဆိုက်များနှင့် နေ့စဉ်သတင်းစာများ ရပ်ဆိုင်းသွားခဲ့ရသည်။ ဆန့်ကျင်ရေးလှုပ်ရှားမှုကို သောကြာနေ့တွင် စတင်ခဲ့ရာ အကျိုးဆက်အနေဖြင့် ဂရိတွင် မည်သည့်သတင်းစာမျှ ပုံနှိပ်မည်မဟုတ်ပေ။

ဆန့်ကျင်မှုများမှာ သင်္ဘောသားများသို့လည်း ကူးစက်သွားပြီး သင်္ဘောများကို ဆိပ်ကမ်းများတွင်သာ ကြိုးချည်ထားကာ ပြည်သူများကလည်း လုပ်ငန်းခွင်များမှ ထွက်ခွာသွားခဲ့ကြသည်ဟု ဆိုသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် အစိုးရ၏ ပင်စင်စနစ်ကို ပြုပြင်မည့် အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် မြို့တော် အေသင်တွင် ဂရိပင်စင်စားများက ထုနှင့်ထည်နှင့် စုရုံးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly