မုံရွာ- မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 

မုံရွာ- မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 
ပုံစာ- မိုင်တဲတိုင်ဝါတိုင်မှရရှိသည့် ကုန်ပစ္စည်းများဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ထုတ်လုပ်နေစဉ်

ဧပြီ ၂၀

မုံရွာ- မန္တလေး လမ်းပိုင်း မြင်းမူမြို့နယ် ရေပိုးစားရွာနှင့် ဂွေးပင်တောရွာ အနီး၌  မိုင်းရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် မုံရွာမြို့မှ ထွက်ခွာလာပြီး မုံရွာ- မန္တလေးလမ်းမအတိုင်း မိုင်းရှင်းလင်းရေး လုပ်ဆောင်နေစဉ် ယမန်နေ့ ဧပြီလ ၁၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။

“ ခွဲတဲ့နေရာ လမ်းပိုင်းက မြင်းမူမြို့နယ်ထဲ ရောက်ပါတယ်။ တဖက်ပွင့် နှစ်လုံး ကျွေးလိုက်ပါတယ်။ ရှေ့ထွက်မိုင်း လို့လည်း ခေါ်တယ်ဗျ။ CDSOM က ထုတ်ထားတာပါ။ မိုင်တဲတိုင်တွေက ထုတ်လုပ်ထားတဲ့ လက်နက်တွေပါ ” ဟု CDSOM အဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ မိုင်းရှင်းလင်းရေးအဖွဲ့တွင် Jumper ကားတစ်စီးနှင့် အတူ စစ်ကောင်စီတပ်သား ဦးရေ၂၀ ကျော်ခန့် ပါဝင်ကြောင်း CDSOM အဖွဲ့ ဦးဆောင်သူ ကိုနွေဦးထံက သိရသည်။

“ကားကတော့ ကားလမ်းပေါ်က သွားတာ။ ကျန်တဲ့သူတွေကတော့ ကားလမ်းအပြင် လယ်ကွင်းတွေ ကနေ လမ်းလျှောက်ရင်း မိုင်းရှာ ကြတာပေါ့။ အဲ့ဒီအချိန် ပထမ ဆင်ထားတဲ့ မိုင်းရှစ်လုံးက သူတို့ မိုင်းကြိုးတွေ တွေ့သွားပြီးတော့ ပေါ်သွားတာ” ဟု ကိုနွေဦးက ပြောသည်။

မိုင်းများကို တွေ့သွားပြီးနောက် စစ်ကောင်စီတပ်များက လမ်းပေါ်သွားလာနေသည့်  ပြည်သူများ၏ ကားများကို စစ်ဆေးနေခြင်းကြောင့် ပြည်သူများထိမည် ဆိုး၍ မိုင်းမဆွဲနိုင်ဘဲ စောင့်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

‘’ ပြည်သူတွေ ရောနေတော့ ဆွဲလို့ မရဘူးပေါ့နော်။ တစ်ဖက်ပွင့်တွေ ကလည်း ပစ်လိုက်ရင် အဝေးကြီး ရောက်လို့ရှိရင် အများကြီး ပြန့်ထွက်သွားတာ ဆိုတော့ အကုန်မှန်မှာ။ ပြည်သူ ကားတွေရော သူတို့ကိုရော။ အဲ့တော့ကြ ကျွန်တော်တို့က ပစ်မရဘူး။ သူတို့ ပြည်သူကားတွေကို စစ်ပြီးလို့ အကုန်  ပြန်လွှတ်ပြီးတော့မှ ကျွန်တော်တို့က ကျန်တဲ့မိုင်း ၁၉ လုံးကို သူတို့လက်ထဲ အပါ မခံနိုင်တော့ကြတော့လို့  ခွဲလိုက်တယ်။ မိုင်းနဲ့ ထိတာတော့ ဒဏ်ရာ ရတာလောက်ပဲ ရှိတယ်” ဟု CDSOM အဖွဲ့ ဦးဆောင်သူက ဆိုသည်။

ယခု စစ်ဆင်ရေးကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ - CDSOM၊ Chaung U Revolution Army (CRA)၊ Farmer Revolution Force CHU (FRF)၊ Black Eagle Defense Force – MMU နှင့် ကန္တာရသိန်းငှက် အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“လမ်းလျှောက်ပြီးမိုင်းရှာတဲ့အဖွဲ့တွေနဲ့ ကားနောက်က လိုက်လာတဲ့အဖွဲ့တွေကို ကျွန်တော်တို့က တစ်ဖက်ပွင့်နဲ့ တည့်တည့် ပစ်လိုက်နိုင်တယ်။ တစ်ဖက်ပွင့်နဲ့ ကတော့ တော်တော်များများ တဲ့မှန်တာ ဆိုတော့ အကုန် ကျကုန်တာပဲဗျ။ မျက်စိရှေ့တင်ကတော့ လေးငါးယောက် လောက်ပဲ သေတာပေါ့နော်။ လူနာကား နှစ်စီးနဲ့ လာတင်သွားတယ်။ ဒေသခံတွေ ပြန်ပြောတာတော့ တော်တော်များတယ်။ ကားပေါ် အပြည့်လို့ ပြောတယ်”ဟု CDSOM အဖွဲ့ ဦးဆောင်သူက ပြောသည်။

စစ်ကောင်စီဘက်မှလည်း ပုခုံးထမ်းလောင်ချာ RPG နှင့် နှစ်ချက် ရမ်းသမ်း ပစ်ခတ်မှု ပြန်လည် ပြုလုပ်ရာ Black Eagle Defense Force -MMU အဖွဲ့ နေရာယူထားသည့် လယ်ကွင်းနား ကျရောက်သဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ဆက်လက် မလုပ်ဆောင်တော့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆုံးသတ် အတည်ပြုချက်အရ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ များပြားသော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#MizzimaTV
#မုံရွာ- မန္တလေးလမ်းပိုင်း  
#မိုင်းရှင်းလင်းရေး
#CDSOM
#ရေပိုးစားရွာ
#BlackEagleDefenseForce-MMU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required