စစ်ကောင်စီ ဖွင့်ခိုင်းသည့် ရုပ်ရှင်ရုံများ ရုံဝင် လူမရှိသလောက်ဖြစ်နေ

စစ်ကောင်စီ ဖွင့်ခိုင်းသည့် ရုပ်ရှင်ရုံများ ရုံဝင် လူမရှိသလောက်ဖြစ်နေ

ဧပြီ ၂၀

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ပိတ်ထားခဲ့သည့် ရုပ်ရှင်ရုံများကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယနေ့ ဧပြီ ၂၀ ရက်အထိ လေးရက်ကြာသည့်တိုင် ရုံများ၌ လူဝင် မရှိ သလောက် နည်းပါးလျက် ရှိသည်။

“တစ်နေ့လုံးမှ ရုပ်ရှင်လာကြည့်တဲ့သူက ငါးယောက်၊ ခြောက်ယောက်ပဲ ရှိမယ်။ ပိုဆိုးတာက လာကြည့်တဲ့ သူ နည်းနည်းပဲရှိပါတယ်ဆိုမှ မီးကပျက်တော့ မီးစက်မောင်းပြီး ရုပ်ရှင်ပြနေရတာ ” ဟု နေပြည်တော်နှင့် ရှေ့ဆောင်ရုပ်ရှင်ရုံ လမ်းတစ်ဖက်ခြမ်းတွင် စျေးရောင်းချနေသူတစ်ဦးက ၎င်းကိုယ်တိုင် မြင်တွေ့ နေရသည့် အခြေအနေကို ပြောသည်။

“လုံခြုံရေးယူထားတာ ကြီးကြီးမားမားတော့ မတွေ့ဘူး။ အထဲမှာ အရပ်ဝတ်တွေ ဘာတွေ ရှိနေရင်တော့ လည်း မပြောတတ်ဘူးပေါ့။ အထဲလည်း ဝင်မကြည့်ရဲဘူး။ ကိုယ်ဝင်သွားတုန်း ဗုံးပေါက်ရင်၊ ပစ်ရင်ခတ်ရင် အချောင်သေမှာ။ အသက် အသေခံပြီးတော့ ဘယ်သူမှ ကြည့်မယ် မထင်ပါဘူး” ဟု ရုပ်ရှင်ကြည့် ပရိသတ် တစ်ဦးက ပြောသည်။

ရန်ကုန် မြို့လယ်ခေါင်ရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နေမှုကို မဇ္ဈိမသတင်းထောက်တစ်ဦးက လိုက်လံ ကြည့်ရှုရာတွင်လည်း အမှန်တကယ်ပင် ရုံအဝင်ဝ၌ လုံခြုံရေး နှစ်ဦး၊ သုံးဦးနှင့် အထဲတွင် ရုံဝန်ထမ်း အနည်း ငယ်ကိုသာ တွေ့ရှိရပြီး ရုပ်ရှင်ကြည့် ပရိသတ်တစ်ဦး တစ်ယောက်ကိုမျှ မြင်တွေ့ခဲ့ရခြင်း မရှိပေ။

ရုပ်ရှင်ရုံများသည် COVID-19 ကြောင့် နှစ်ခုံခြားစနစ်သာ လက်မှတ် ရောင်းချသည် ဆိုသော်ငြား အမှန် တကယ် လာကြည့်မည်သူသည် နှစ်ဦးအထက်ဖြစ်ပါက တစ်ခုံချင်းပူးကပ်၍ အဖွဲ့ အတန်းလိုက်ထိုင်ပြီးမှ သာ အခြားသူများနှင့် နှစ်ခုံခြားပေးခြင်းဖြစ်ကြောင်း ရုပ်ရှင်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

လက်မှတ်ဝယ်ယူလိုပါက ယခုအချိန်တွင် အက်ပလီကေးရှင်းဖြင့် ဝယ်ယူ၍မရနိုင်သေးဘဲ ဖုန်းကြိုဆက် ၍သော်လည်ကောင်း လူကိုယ်တိုင်လာရောက် ဝယ်ယူရသည်ဟု ဆိုသည်။

ရုပ်ရှင်ရုံများ ပြန်ဖွင့်သည့် ဧပြီ ၁၇ ရက်မှ စ၍ မေလပိုင်းအထိရုံတင စာရင်းတွင် မကြာသေးမီက ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် သရုပ်ဆောင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိင်္န္ဒြာကျော်ဇင်တို့အပြင် ၅၀၅ - က ဖြင့် အမှုဖွင့်ခံထားရသဖြင့် ယနေ့တိုင် တိမ်းရှောင်နေရသည့် သရုပ်ဆောင် ဖွေးဖွေး၏ ဇာတ်ကား လည်း ပါဝင်သည်။

“ ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး။ တမင်ကိုလုပ်တာ။ အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ဘယ် အနုပညာရှင်တွေ ဘယ်လိုဆန့်ကျင်ပါစေ စစ်ကောင်စီက ဂရုမစိုက်ဘူးဆိုတဲ့သဘောနဲ့ သူတို့ပဲ ထောင်ချ ထားပြီး သူတို့ပဲ ပြန်လွှတ်ပေးထားတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေကိုမှ ရွေးပြတာ။ ဒါသက်သက် စော်ကားတာ” ဟု ပရိသတ်တစ်ဦးက ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

ရုပ်ရှင် ဇာတ်ကားသစ်များ ရုံတင်ပြသခြင်းနှင့်ပတ်သက်ပြီး လတ်တလော ဖေစ့်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံနေသည်မှာ ရုံတင်ဇာတ်ကားထဲတွင် ပါဝင်သည့် ပြည်သူချစ် အနုပညာရှင်များ ၏ကျော်ကြားမှုကို အသုံးပြုကာ ရုံဝင်လူများစေရန်ရည်ရွယ်ချက်ဖြင့် ဖိတ်ခေါ်နေသည့် ပိုစ့်များဖြစ်သည်။

“အခု တော်တော်များများ တွေ့နေရတယ်။ ပိုင်တံခွန်ရဲ့ ဇာတ်ကား “မှောင်တိုက်” ကို အားပေးဖို့ ရိုက် ထားတဲ့ ဒါရိုက်တာက တင်ထားတာ။ ကျွန်တော်တို့က တော်လှန်ရေးကြောင့် ဖမ်းဆီးခံခဲ့ရတဲ့၊ ထွက်ပြေး တိမ်းရှောင်နေရတဲ့၊ နောက်ဆုံးဗျာ တောထဲရောက်နေတဲ့အနုပညာရှင်တွေထိ အားပေးပြီးသား။ ဒါပေမယ့် တော်လှန်ရေးကာလမှာတော့ ဖျော်ဖြေရေးကဏ္ဏက အရမ်းအရေးကြီးမနေဘူး။ ပြည်သူက ချစ်တဲ့၊ ပြည်သူ့ဘက်ကရပ်တည်တဲ့ အနုပညာရှင်ကလည်း အဖြူအမဲ ကွဲပြီးသား။ ရေပေါ်ဆီတွေနဲ့လည်း တစ်တန်းတည်း အားမပေးနိုင်ဘူး” ဟု ပရိသတ် တစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုလျှင် ရုပ်ရှင်ရုံပေါင်း ၆၀ ကျော် ဖွင့်လှစ်ပြသနေခြင်း ဖြစ်ပြီး ပြသသည့်နေ့မှစ၍ ယနေ့တိုင် ရုံပြည့်ရုံလျှံ အားပေးနေသည့်မြင်ကွင်းမျိုး မမြင်တွေ့ ရသေးပေ။

ရုပ်ရှင်ရုံများကို COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်မှ စတင်ကာ ပိတ်ခဲ့ခြင်း ဖြစ်သည်။

#Mizzima

#ရုပ်ရှင်ရုံ

#လူမရှိ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly