ကျွန်းလှမြို့နယ် ကုန်းစည်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

ကျွန်းလှမြို့နယ် ကုန်းစည်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ဘက်ခြမ်း၊ ကုန်းစည်းကျေးရွာ၌ ခုနစ်ရက်ကြာ တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဧပြီလ ၁၂ ရက်နေ့က ကုန်းစည်းကျေးရွာသို့ ဝင်ရောက်လာကာ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကြောင်း ပြန်ထွက်သွားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ခဲ့သည့် ယင်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး နေအိမ် ရှစ်လုံးထက် မနည်း မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့က ၆ နာရီခွဲလောက်မှာ ရွာကို မီးရှို့တယ်။ စစ်ကြောင်းက ၇ နာရီခွဲလောက်မှာ ပြန်ထွက်သွားပြီ။ သူတို့က (ရွာ) မီးရှို့ပြီး ထွက်သွားတာ။ နေအိမ် ရှစ်လုံးထက်မနည်း မီးလောင်သွားတယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ကုန်းစည်းကျေးရွာနေ ဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ယခင်ကတည်းက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဆိုသည်။

ကျေးရွာကို မီးရှို့သွားသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ကုန်းစည်းရွာနှင့် လေးမိုင်ဝန်းကျင် ဝေးကွာသော ခပေါင်းမြိုရွာထဲတွင် လက်ရှိ တပ်စွဲထားကြောင်း သတင်းရရှိသည်။

ယင်းစစ်ကြောင်းသည် ဧပြီလ ၁၅ ရက်နေ့ ည ၅ နာရီခွဲက ကုန်းစည်းရွာနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် ဝေလမူကျေးရွာကို မီးတင်ရှို့ခဲ့ရာ ရွာတစ်ဝက်နီးပါး မီးလောင်သွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဝေလမူကျေးရွာသည် ပြီးခဲ့သည့် မတ်လဆန်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။

“ယောက်ျားလေးတွေနဲ့ အမျိုးသမီးပျိုတွေက အကုန်လုံး ထွက်ပြေး ကြရတာပေါ့။ ဘာလို့လဲ ဆိုတော့ (စစ်ကောင်စီတပ်) သူတို့က နှိပ်စက်တယ်၊ ညှဉ်းပန်း၊ ဖမ်းခေါ်သွားတာတွေရှိတယ်။ အဲဒါကြောင့် ယောကျ်ားလေးတွေနဲ့ မိန်းမပျိုတွေက ရွာမှာနေလို့ မရဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ညအိပ်တပ်စွဲမှုနှင့် မီးတင်ရှို့မှုကြောင့် သက်ကြီး ရွယ်အိုများ၊ ကျောင်းသားများနှင့် ကလေးငယ်များ အပါအဝင် ဒေသခံ ထောင်ချီ ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးကာ စစ်ဆင်ရေး ပြုလုပ်နေသော စစ်ကိုင်းတိုင်း အတွင်းက ကျေးရွာများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။

#Mizzima

#ကျွန်းလှမြို့နယ်

#ကုန်းစည်းကျေးရွာ

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required