အင်းစိန်ထောင်ရှေ့က ငိုသံများ

အင်းစိန်ထောင်ရှေ့က ငိုသံများ

ဧပြီ ၁၈

မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်ရှေ့ ရောက်နေသည့် လူအုပ်ကြီးက ခန့်မှန်းခြေ လူ ၃၀၀ ကျော် ဝန်းကျင် ရှိမည် ထင်သည်။ အားလုံးက ခြစ်ခြစ်တောက် ပူနေသည့် နေရောင်အောက် သဘက်လေး ခေါင်းပေါ် တင်သူကတင် ၊ စာရွက်ကလေး ခေါင်းပေါ် တင်သူကတင် နှင့် အပြင်က နေအပူနှင့် ရင်ထဲက အပူတို့ အားပြိုင်ရင်း မျှော်တလင့်လင့်ဖြင့် ထောင်က ထွက်လာမည့် မိသားစုဝင် အမျိုး အဆွေ မိတ်ဖော်တို့ကို စောင့်ဆိုင်း နေကြသည်။

သူတို့ မျက်လုံးများက ထောင်ဘူးဝ အရှေ့ကိုသာ စိုက်ကြည့် နေကြပြီး ထောင်အတွင်း က လူအရိပ် မြင်သည်နှင့် စောင့်နေကြသူ အားလုံး ခန္ဓာကိုယ်များ လှုပ်လှုပ်ရွရွ ဖြစ်ကြသည်။

ထောင်အတွင်း လူအရိပ် မြင်လိုက် ပြန်မထွက်လာဘဲ ဖြစ်သွားလိုက် အခြေအနေကြောင့် အန်တီနုနု တစ်ယောက်လည်း သူစောင့်နေသည့် အရိပ်ရှိရာ နေရာကလေးကို ပြေးလာလိုက် ထောင်အရှေ့ ကာထားသည့် နေရာကို ပြေးလိုက်ဖြင့် အလုပ် ရှုပ်နေသည်။

အရိပ်ထဲက စောင့်နေသူ တစ်ဦးက အန်တီနုနု ထိုသို့ ဖြစ်နေသည်ကို ကြည့်ပြီး “ သူ့နေရာ ပျောက်သွားမှာ စိုးနေတာလေ ”ဟု ရယ်ရယ်မောမောဖြင့် ပြောသည်။

“ သားတွေ ထွက်လာရင် မမြင်ရမှာ စိုးလို့ပါ ” ဟု အန်တီနုနုက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေရှင်း ပြရှာသည်။

တခြား လာစောင့်သူများက အန်တီနုနုကို မုန့်များ လာပေးလိုက်၊ ရေဗူးများ လာပေးလိုက်နှင့် တချို့ကမှု ထမင်းစားရန် လာလာ ခေါ်နေကြသည်။ အန်တီနုနုကမှု ထမင်းစား မလိုက်ပေ။ သူ ထမင်း စားနေသည့် အချိန် ထောင်က လွှတ်ပေးလိုက်လျှင် သားများနှင့် မတွေ့ရမည်ကို အန်တီနုနုက စိုးရိမ်၍ ဖြစ်သည်။

ထောင်အရှေ့အပေါက်ကိုသာ လှမ်းလှမ်းကြည့်နေပြီး “နောက်မှပဲ စားတော့ပါ့မယ်ဟယ်၊ ကလေးတွေကို လွှတ်လိုက်ရင် အရင် မမြင်လိုက်ရမှာ စိုးတယ်။ တစ်နေ့ကုန်လည်း ဘာမှ မစားရသေးဘူး စားလို့လည်း ဝင်မှာ မဟုတ်ပါဘူးဟယ်” ဟု ထမင်းစားရန် လာခေါ်သူများကို ပြန်ပြော နေသည်ကိုလည်း ကြားရသည်။

“ ဒီနေ့တော့ သေချာ လွတ်လာမှာပါ။ အရင်က အဲ့ဒီလောက် မမျှော်လင့် ထားပေမယ့် ဒီနေ့တော့ လွတ်လာမယ် လို့ကို ထင်နေတယ်။ သတင်းတွေ ကနေလည်း လွှတ်ပေးမယ် ကြေညာ ထားတယ်လေ။ တကယ် လွှတ်မှာပါနော်” ဟု ထပ်တလဲလဲ ပြောရင်း အန်တီနုနု တစ်ယောက် သူ့ကိုယ်သူလည်း ပြန်မေးခွန်း ထုတ်နေခဲ့သည်။

“ ဟိုက တစ်ယောက်ဆိုရင် အရင်ရက်တွေတုန်းက လာမစောင့်ဘူးလေ။ သူလည်း ဒီနေ့မှ လာစောင့်တာ လွတ်လာမှာ သတင်းတွေ ကြားလို့ ဖြစ်မယ် ” ဟု တခြားစောင့်နေသူ တစ်ဦးကို လှမ်းကြည့်ပြီး သူ့ကိုယ့်သူလည်း ပြန်အားပေး ပြန်သည်။

အန်တီနုနုကို အင်းစိန်ထောင် အနီးအနား ရှိနေသည့် ဈေးရောင်းသူများ အပြင် ထောင်ရှေ့ လာစောင့်နေသည့် သူများပါ မျက်မှန်း တန်းမိပြီး ခင်မင်နေကြသည်။ ထောင်ကို အမြဲတမ်း သူသွားလေ့ရှိပြီး ထောင်အတွင်းရှိ သားများနှင့် မတွေ့ရလျင်တောင် ထောင်နှင့် အနီးဆုံး၌ ရှိရသည်က သားများနှင့် နီးကပ်သကဲ့သို့ ခံစားရစေ၍ ထောင်ကို အမြဲလိုလို လာဖြစ်သည့် အကြောင်း သူက ပြောလေ့ရှိသည်။

ထောင်ထဲ၌ ရှိနေသည့် သားနှစ်ဦးက “ သားတို့ ထောင်က ထွက်လာရင် အမေ အဖမ်း ခံနေရဦမယ်” ဟု သူ့ကို စနောက် ပြောသည့် အကြောင်းကိုပင် ထောင်ရှေ့ စောင့်နေသူများအား သူက ပြန်ပြောပြ နေခဲ့သည်။

အန်တီ နုနု၏ ထိုစကားကို ကြားရသည့် အမျိုးသမီးတစ်ဦးက “ ထောင်ထဲရောက် အဖမ်း ခံရတယ်ဆိုတာ မပြောကောင်း ၊ မဆိုကောင်း ဆိုပေမယ့်လည်း သားတွေနဲ့သာ တစ်ခန်းထဲ အတူ နေရမယ်ဆိုရင် ထောင်ထဲ ချက်ချင်းသာ ဝင်ပစ်လိုက်ချင်တယ် “ ဟု ပြန်လည် ပြောလိုက်သည့် အချိန်တွင်မှု အားလုံး ဆွံ့အ ငြိမ်သက် သွားမိကြသည်။

နေ့လယ် ၁၂ နာရီ ဝန်းကျင် လောက်တွင်မှု ထောင်ဝန်ထမ်းများက ကားလေးစီးဖြင့် ရွာမဘက်ခြမ်းက လွှတ်လိုက်ပြီဟု လှမ်းပြောလိုက် ခြင်းကြောင့် ထောင်အရှေ့ပေါက်၌ စောင့်နေကြသူများ အားလုံး ဖရိုဖရဲ ဖြစ်သွားကြသည်။ ကားပါသည့် သူများက ကားဖြင့် ရွာမဘက် အပေါက်သို့ သွားရန် ပြင်ကြသည်။ တချို့ကလည်း ဆိုင်ကယ် ကယ်ရီ ငှားကြ၊ တချို့က ကားငှားကြ ၊ တချို့က မပြေးရုံ တမယ် လမ်းလျှောက်ကြနှင့် လူအုပ်ကြီးက ရွာမဘက်ခြမ်းကို ဦးတည် ကုန်ကြသည်။

ရွာမဘက်ခြမ်း ထောင်အနောက်ပေါက် ရောက်သည့် အချိန်တွင်မူ လွှတ်ပေးသည့် ကားများကို မမြင်တွေ့ ရခြင်းကြောင့် ထောင်ဝန်ထမ်းများအား မည်သူများကို လွှတ်သနည်း မည်မျှ လွတ်သွားသနည်းဟု အလုအယက် ဝိုင်းကာ မေးကြတော့သည်။

လွှတ်ပေးလိုက်သည့် သူများမှာ စစ်ပြေး၊ ရဲပြေးနှင့် မူးယစ် အကျဉ်းသားများသာ ဖြစ်ပြီး နောက်ထပ် ဆက်လွှတ်မည့်သူ မရှိတော့ကြောင်း ထောင်ဝန်ထမ်းများက ပြန်လည် ပြောဆိုလိုက်သည့် အချိန်တွင်မှု လူအုပ်ကြီးသည် အရုပ်ကြိုးပြတ် ဆိုသကဲ့သို့ ဖြစ်သွားပြီး တချို့က နေရာ၌ပင် ထိုင်ငိုချ ပစ်ကြသည်။

ထို့နောက် နာရီဝက်ခန့် အကြာတွင် အသီးသီး ပြန်ကုန်ကြပြီး အင်းစိန်ထောင် အရှေ့၌ လူ ၁၀ ယောက် ကျော်လောက်သာ ကျန်နေ ခဲ့တော့သည်။ ဆက်စောင့်နေကြသည့် သူများမှာ မူးယစ် အကျဉ်းသား အချို့၏ မိသားစုဝင်များ သက်သက်သာ ဖြစ်သည်။

အင်းစိန်ထောင်အရှေ့က ဈေးသည် အချို့က အန်တီနုနု ပြန်သွားသည်ကို မသိလိုက် မမြင်လိုက် သော်လည်း သူက ငိုပြီး အိမ်ပြန်သွားမည့် အကြောင်းကို အချင်းချင်း တီးတိုး ပြောနေကြသည်။

“ သားတွေ လွတ်လာရင် သားနှစ်ယောက်ကို ဖက်ပြီး အိမ်ပြန်မှာ၊ တကယ်လို့များ မလွတ်လာရင်တော့ တစ်ယောက်ထဲ အိမ်ကို ငိုပြီး ပြန်ရမှာပေါ့ ” ဟု လွန်ခဲ့သည့် ၄၅ မိနစ်ခန့်က အန်တီနုနု ပြောခဲ့သည့် စကားကို အားလုံးက တီးတိုး ပြောနေကြခြင်း ဖြစ်သည်။

#Mizzima

#အင်းစိန်ထောင်

#နှစ်ဆန်းတစ်ရက်နေ့

#အကျဉ်းသား

#အန်တီနုနု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly