မင်းတပ်တွင် မွေးကင်းစကလေးငယ်များ သေဆုံးမှုများပြားရခြင်းမှာ အဟာရချို့တဲ့မှုအပြင် စစ်ကောင်စီတပ်များ၏ ဖျက်ဆီးမှုကြောင့်လည်းပါဝင်

မင်းတပ်တွင် မွေးကင်းစကလေးငယ်များ သေဆုံးမှုများပြားရခြင်းမှာ အဟာရချို့တဲ့မှုအပြင် စစ်ကောင်စီတပ်များ၏ ဖျက်ဆီးမှုကြောင့်လည်းပါဝင်

ဧပြီ ၁၈

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ်များနှင့်ကျေးရွာများတွင် ကလေးငယ် သေဆုံးမှုများ ပြားနေရခြင်းမှာ အာဟာရချို့တဲ့ခြင်း၊ ဆေးဝါးမလုံလောက်ခြင်း ၊ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းများအပြင် စစ်ကောင်စီတပ်များက ဆေးဝါးနှင့် ဆေးရုံသုံးကိရိယာများကို ဖျက်ဆီးခဲ့ခြင်း ကြောင့်လည်း ပါဝင်နေသည်ဟု ဒေသခံများထံကသိရသည်။

“စစ်ရှောင်ရင်း မွေးကြတဲ့ကလေးတွေက သေဆုံးမှုများနေတာကို တွေ့နေရတယ်။ အဲဒီမှာ အခက်ခဲက ဆေးဝါးပစ္စည်းလုံလောက်စွာ မရရှိနိုင်တာရယ်၊ ကျွမ်းကျင် ဆရာဆရာမတွေ မရှိတာရယ်၊ မိခင်တွေက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာဟာရချိူ့တဲ့တာတွေကြောင့် သေဆုံးကြရတာဖြစ်တယ်။ ဥပမာ-လွေးသာရွာမှာ ဆိုရင် ကလေး လေးယောက်မွေးတယ်၊ လေးယောက်စလုံးသေဆုံးခဲ့တယ်'' ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မင်းတပ်မြို့နယ်အတွင်းရှိ ဝမ္မသူးရွာထဲသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် ဝမ္မသူး တိုက်နယ်ဆေးရုံတစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဆေးဝါး၊ ခုတင်၊ စားပွဲ၊ စက်ပစ္စည်း၊ မီးစက်၊ ကုလားထိုင်၊ စာအုပ်၊ ဗီရို၊ ‌စင်၊ သောက်ရေခွက်ပါမကျန် အကုန်လုံး စုပုံဖျက်ဆီးမီးရှို့ခဲ့ကြသည်။ ခွဲစိတ်ခန်းအတွင်းရှိနံရံများတွင် စစ်ဖိနပ်များဖြင့် ကန်ထားသည့် ဖိနပ်ခြေရာများကိုပါတွေ့ရှိရသည်။

မွေးစကလေးငယ်များသေဆုံးရခြင်းနှင့်ပတ်သက်ပြီး “ဘာကြောင့် ဒီလိုသေဆုံးရတာလဲဆိုရင် အချက် နှစ် ချက်ရှိတယ်။ ပထမတစ်ချက်က ကိုယ်ဝန်ကို သေသေချာချာ ဆရာဝန်တွေနဲ့မအပ်နိုင်ဘူး။ နောက်တစ်ခု က လမ်းခရီးမှာ လာရတဲ့အခက်အခဲ အကွာအဝေး အဲဒါတွေကြောင့်လည်း ပါတယ်။ ဆေးရုံကိုတော့ ရောက်လာတယ်။ ဒီမှာရှိတဲ့ဆရာဝန်တွေကလည်း မွေးဖွားပေးလိုက်တယ်။ ဒါပေမယ့် ခုနကပြောသလို လမ်းခရီးခက်ခဲတော့ အချိန်မီမရောက်တဲ့အတွက် ရေမြွှာပေါက်ပြီး သေဆုံးတာတွေရှိတယ်။ ဒါတွေက လည်း သေဆုံးနှုန်းများတာဖြစ်တယ်''ဟု မင်းတပ်ရှိ ဆရာဝန်တစ်ဦးကပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု အားနည်းရခြင်း၏ အဓိကအချက်များမှာ ယခင်က မင်းတပ်တွင် ဆေးဝါးလုံလောက်စွာရှိသော်လည်း စစ်ကောင်စီတပ်များက ဆေးဝါးများကို သိမ်းယူသည့်အပြင် ဆေးရုံသုံး ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးစောင့်ရှောက်မှုနည်းတယ်ပြောဖို့က အရင်က ကျွန်တော်တို့ဆီမှာ ဆေးဝါးပစ္စည်းတွေ တော်တော် များများရှိတယ်။ ရွာထဲကို စစ်ကြောင်းဝင်လာတဲ့အခါ ပစ္စည်းတွေကိုသိမ်းယူသွားတယ်။ တချို့ ပစ္စည်းတွေကျတော့ စစ်တပ်က မဖျက်ဆီးလောက်ပါဘူးကွာဆိုပြီးထားခဲ့တယ်။ ဒါပေမယ့် စစ်တပ်က ဆေးရုံထဲက ခွဲစိတ်ခန်းသုံး ကုတင်တွေ၊ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ၊ သစ်သားကုတင် တွေအပြင် သံကုတင် တွေကအစ မီးရှို့ပစ်ကြတယ်။ နောက်ဆုံး အရေးပေါ်လူနာကို ကုသပေးတဲ့ အသက်ရှုပိုက်တွေကအစ မီးရှို့ဖျက်ဆီးခဲ့တာ''ဟု ဆရာဝန်ကပြောသည်။

ယခုအခါ မင်းတပ်နှင့်မင်းတပ်တစ်ဝိုက်တွင် ခွဲစိတ်ခန်းသုံးပစ္စည်းများ ဝယ်ယူရန်ခက်ခဲခြင်းကြောင့် ကော်ပတ်များဖြင့်တိုက်ချွတ်ဆေး ကြော၍ ပြန်လည်အသုံးပြုခြင်း၊ စစ်ကောင်စီတပ်များက ဆေးပုလင်းချိတ်ဆွဲထားသည့်ချိတ်များကို ရိုက်ချိုးခဲ့ခြင်းကြောင့် သုံး၍ရနိုင်သည့် သံချောင်းများကို တိတ်များဖြင့်ဆက်၍ ပြန်လည်အသုံးပြုခြင်းများ ဆောင်ရွက်နေရကြောင်းသိရသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်စာရင်းတွင်ပါဝင်ပြီး ၂၀၁၄ ခုနှစ်ကကောက်ခံခဲ့သော သန်းခေါင်စာရင်းအချက်အလက်များအရ မွေးကင်းစကလေး သေဆုံးမှုနှုန်း မှာ ၁,၀၀၀ လျှင် ၇၆ ဦးနှုန်းရှိပြီး တစ်နိုင်ငံလုံးပျမ်းမျှသေဆုံးမှု ၆၂ ဦးထက်ကျော်လွန်သော ဒေသလည်းဖြစ်သည်။

ပုံစာ - ပြီးခဲ့သည့်ဇန်နဝါရီလတွင်း ဝမ္မသူးရွာကိုရောက်ရှိလာသည့် စစ်ကောင်စီတပ်များမှ ဝမ္မသူးတိုက်နယ်ဆေးရုံရှိ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ကုတင်များနှင့်မီးစက်စသည့်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့စဉ်

#Mizzima

#ချင်းပြည်နယ်

#မွေးကင်းစကလေးသေဆုံးမှု

#အာဟာရချိူ့တဲ့

#စစ်ကောင်စီတပ်များ

#ဆေးဝါးနှင့်ဆေးရုံသုံးကိရိယာများ

#ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly