နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်က ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို အဆင့်လျှော့ချ

နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်က ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို အဆင့်လျှော့ချ

လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ICC) က ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင် (NHRC) အား အမြဲတမ်းအဖွဲ့ဝင်အဖြစ်မှ လေ့လာသူ အဆင့်သို့ လျှော့ချလိုက်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဇန်နဝါရီ ၂၈ ရက် ဖော်ပြချက်တွင် ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ၎င်းတို့ ကိုင်တွယ်ဆောင်ရွက်ရမည့် ပြဿနာများကို လုပ်ဆောင်ရန်  ထပ်ကာတလဲလဲ ပျက်ကွက်ခဲ့ကြောင်း ပါရှိသည်။

နိုင်ငံအသီးသီးမှ လူ့အခွင့်အရေးကော်မရှင်များအား အဆင့်အမျိုးမျိုး သတ်မှတ်ရာတွင် အဆင့်အေအုပ်စုတွင် ပါဝင်သည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းမှ လူ့အခွင့်အရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများတွင် အပြည့်အ၀ ပါဝင်ခွင့်ပေးထားပြီး မဲပေးဆုံးဖြတ်မှုများတွင် ပါဝင်ခွင့်ပြုထားသည်။

အဆင့်ဘီတွင် ပါဝင်သည့်နိုင်ငံများအနေဖြင့် ယင်းဆွေးနွေးပွဲများတွင် လေ့လာသည့်အဖွဲ့အနေဖြင့် ပါဝင်ခွင့်ရသော်လည်း မဲပေးခွင့်ရမည်မဟုတ်ပေ။ အဆင့်စီသတ်မှတ်ခံရသည့် နိုင်ငံများအနေဖြင့်မူ ICC သို့မဟုတ် ကုလသမဂ္ဂလူ့အခွင့်အရေး ဖိုရမ်များသို့ တက်ခွင့်ရမည်မဟုတ်သော်လည်း ICC ၏ အကြီးအကဲအနေဖြင့် ဖိတ်ကြားပါက တက်ရောက်နိုင်မည်ဖြစ်သည်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်သည် ၂၀၀၄ ခုနှစ်အတွင်းက အဆင့်အေအဖွဲ့ဝင် နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက်ပိုင်း လူ့အခွင့်အရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့သောကြောင့် ဘီအဆင့်သို့ လျှော့ချရန် ၂၀၁၄ ခုနှစ်တွင် ICC က အကြံပြုခဲ့သည်။ ယင်းအကြံပြုစိုးရိမ်မှုအပေါ် ပယ်ဖျောက်ရန် အချိန်တစ်နှစ်ပေးခဲ့သော်လည်း တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့သောကြောင့် ယခုကဲ့သို့ အဆင့်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags