မုံရွာပင်မသပိတ်စစ်ကြောင်း ဆန္ဒပြပွဲအပြီး ဒလန်သတင်းပေးမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

မုံရွာပင်မသပိတ်စစ်ကြောင်း ဆန္ဒပြပွဲအပြီး ဒလန်သတင်းပေးမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

ဧပြီ ၁၇

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ - မန္တလေး လမ်းမပေါ်တွင် နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့သည့် မုံရွာပင်မသပိတ်သပိတ်စစ်ကြောင်းကို လုံခြုံရေးယူပေးနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဒေသခံများထံက သိရသည်။

မုံရွာပင်မသပိတ်စစ်ကြောင်းသည် မိနစ် ၂၀ ကြာ အောင်မြင်စွာ ဆန္ဒပြခဲ့ကြပြီးနောက် ဒလန်သတင်းပေးမှုကြောင့် မုံရွာ - ချောင်းဦး လမ်းပိုင်းတွင် လုံခြုံရေးယူပေးနေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ငါးဦးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့မှ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်ရဲဘော်တွေလည်းပါတယ်။သပိတ်စစ်ကြောင်းကို လုံခြုံရေးယူပေးရတဲ့ အထဲမှာ အခုကျဆုံးတဲ့ရဲဘော်တွေက သပိတ်ပြီးလို့ သူတို့ပွိုင့်မှာ ပြန်ပြီး ကင်းစောင့်နေတဲ့ အချိန် ဒလန်သတင်းပေးမှုကြောင့် အပစ်ခံလိုက်ရတာ "ဟု Unity Force Monywa အဖွဲ့တာဝန်ရှိသူက ပြောသည်။

မုံရွာပင်မသပိတ်စစ်ကြောင်းသည် ဆန္ဒပြပွဲအပြီး လူစုခွဲပြီးနောက်ပိုင်းတွင် ဒလန်များ၏ သတင်းပေးချက်အရ တောပုရွာရှိ ပျူစောထီးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီး၍ အရှင်မိသူများအား ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

“ဒီနေ့ ကျဆုံးသွားတဲ့သူတွေက သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းလို့ ကျဆုံးသွားတာမဟုတ်ဘူး။ ချောင်းဦး- မုံရွာ လမ်းပိုင်းမှာ ပွိုင့်ယူထားတဲ့အဖွဲ့ကို ပျူစောထီးအဖွဲ့က ဖမ်းမိသွားတာကို ရက်ရက်စက်စက် ပစ်သတ်ထားခဲ့ကြတာပါ” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုသန်းကျော်ဦးက မဇ္ဈိမ ကိုပြောသည်။

အဆိုပါပစ်ခက်မှုကြောင့် ရဲဘော် ငါးဦးကျဆုံးခဲ့သည့်အပြင် AK သေနတ်တစ်လက်၊ ပွိုင့်တူးတူးတစ်လက်နှင့် ရီမုမိုင်းတစ်လုံးတို့ကို စစ်ကောင်စီက သိမ်းဆည်းသွားကြောင်း သိရသည်။

ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမက ဒေသကာကွယ်ရေးတပ်ဖွဲ့ ထံသို့ ဆက်သွယ် စုံစမ်းခဲ့သော်လည်း အသေးစိတ်ကို အခြေအနေကိုမူ မသိရှိရသေးပေ။

တောပုရွာ မြောက်ပိုင်းအခြမ်းတွင်နေထိုင်သူများသည် ပျူစောထီးများဖြစ်ပြီး စစ်တပ်မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကြောင်း နှင့် အနီးနား ကျေးရွာများအား လက်နက်ပြ ခြိမ်းခြောက်အနိုင်ကျင့်ခြင်း ပစ္စည်းများ လုယူ ဖျက်ဆီး ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ဧပြီလ၁၅ ရက်နေ့ကလည်း မုံရွာမြို့ပြပြောက်ကျားအဖွဲ့ဝင် ရဲဘော် ကျော်မင်းဌေးအား စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့သောကြောင့်ကျဆုံးခဲ့သည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာပင်မသပိတ်သပိတ်စစ်ကြောင်း

#စစ်ကောင်စီနှင့်ပျူစောထီးတပ်

#ရက်ရက်စက်စက်ပစ်သတ်

#ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦးကျဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required