စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်

ဧပြီ ၁၇

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်ခဲယမ်း အပြည့် အစုံဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ တပ်မဟာ (၅) သို့ ဧပြီ ၁၅ ရက်နေ့က အလင်းဝင်ရောက်လာကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုအခြေစိုက် BGF တပ်ရင်း (၁၀၁၈)မှ တပ်သား စောသခလေးနှင့် စောအယ် ညီအစ်ကိုဝမ်းကွဲနှစ်ဦးသည် KNLA အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၄) ဆီသို့ အလင်းဝင်ရောက် လာခြင်း ဖြစ်ကြောင်း သိရသည်။

စောသခလေးနှင့် စောအယ် တို့နှစ်ဦးသည် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့၏ စစ်အင်အားတိုးချဲ့ရန်အတွက် အသက်မပြည့်မီ အတင်းအဓမ္မ ဖမ်းဆီး ခံခဲ့ရသူ များဖြစ်သည်ဟု ၎င်းတို့နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ KNLA က ဆိုထားသည်။ ၎င်းတို့နှင့်အတူ M-16 AR မောင်းပြန်ရိုင်ဖယ်သေနတ် နှစ်လက်နှင့် ကျည်ဆံ၂၀၀ ကျော် ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်စခန်းများသည် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း သယ်ယူသည့် ကုန်းလမ်းကြောင်းများကို KNLA က ဖြတ်တောက်ထားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် BGF တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် သယ်ယူနေရကြောင်း KNLA က ဆိုထားသည်။

ရွှေကုက္ကိုအခြေစိုက် BGF တပ်ရင်း (၁၀၁၈)မှ တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ ရှေ့တန်းများတွင် တပ်အင်အားဖြည့်တင်းရန်အတွက် ခေါ်ယူအသုံးချ ခံနေရမှုများ ရှိနေသည်ဟု KNLA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့သည် ကရင်ပြည်နယ်တွင် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။

#Mizzima

#ကရင်ပြည်နယ်

#KNLAတပ်မဟာ၅

#စစ်ကောင်စီလက်အောက်ခံBGF

#တပ်သားနှစ်ဦး

#အလင်းဝင်ရောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required