စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုကြောင့် ဝေါလေမြိုင်ဒေသအတွင်းရှိ ဒေသခံ စစ်ဘေးရှောင်များ ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိ

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုကြောင့် ဝေါလေမြိုင်ဒေသအတွင်းရှိ ဒေသခံ စစ်ဘေးရှောင်များ ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိ

ဧပြီ ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNUတပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဝေါလေမြိုင်ဒေသအတွင်းသို့ ဧပြီဒုတိယပတ်မှစတင်၍ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ KNLA ၊ KNDO၊ PDFပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်ရာ ဝါလေမြိုင်ဒေသ လမ်းကြောင်းတလျှောက်ရှိ ခေါ့ဘိုးခိ၊ ဖုဖလာ့ထ၊ အူးကရစ်ထ၊ ရေပူ၊ ပနာ့ထ၊ ရွာသစ်၊အူးကလယ်ခီးနှင့် ကော့ချွဲကျေးရွာမှ ဒေသခံ ဦးရေ ၁၀၀၀ နီးပါးထွက်ပြေး တိမ်းရှောင် နေကြရပြီး ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းသိရသည်။

“စစ်တပ်ဘက်က ထိုးစစ်ဆင်လာတာဆိုတော့ ရွာသားတွေထွက်ပြေးနေရတယ်။ ကျွန်မက သူတို့ကို KNDOထိန်းချုပ်နယ်မြေထဲမှာ စစ်ရှောင်စခန်းလုပ်ပေးထားပါတယ်။ မြန်မာပြည်ထဲက ထောက်ပံ့မှုက ရဖို့မလွယ်ဘူး ဖြစ်နေတယ်။ နေရာစုံမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထိုင်းဘက်က အကူအညီ ထောက်ပံ့မှုတချို့ပဲရတယ်။ ဆန်နဲ့ ရိက္ခာခြောက်တွေ လိုတယ်။ ဆေးဝါးဆိုရင် ဒီရက်ပိုင်းကငှက်ဖျား အဖြစ်များတဲ့ရက်ဆိုတော့ ငှက်ဖျား ဆေးအထူးလိုတယ်။ ရေသန့်က ထိုင်းဘက်ကပို့တော့ အဆင် ပြေပါတယ်။ သုံးရေအတွက် ရေတွင်းလေးတူးပေးနိုင်ရင် ပိုကောင်းတာပေါ့။ သုံးရေက ရှားတယ်” ဟု စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် အနော်ကပြောသည်။

ကရင်ပြည်နယ် တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီထိုးစစ်ကြောင့် ဒေသခံများသေဆုံးမှုရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေ ၃၀,၀၀၀ ကျော်ရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံက သိရသည်။

စစ်ရှောင်ပြည်သူများတွင် ကလေးငယ် သုံးပုံတစ်ပုံ ပါဝင်နေခြင်းကြောင့် ၎င်းတို့အတွက် အသေးစား စာကြည့်တိုက်တစ်ခုပြုလုပ်ပေးနေပြီး လိုအပ်ချက်အချို့ရှိနေကြောင်း အနော်က ဆက်လက်ပြော ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီ၏ မော်ခီးစခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းယူနိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်များသည် ထိုင်းနိုင်ငံနယ်စပ်မှတဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်လာပြီး စစ်ကြောင်း သုံးကြောင်းခွဲကာ ဝေါလေဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည် ဟု ဧပြီ ၁ ရက်နေ့တွင် KIC သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှတဆင့် အင်အားအများအပြားဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များ၏ လမ်းကြောင်းဖြစ်သည့် ကော့ချွဲကျေးရွာတွင် KNLAပူးပေါင်းတပ်များနှင့် သုံး ရက် ကြာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။

စစ်ကောင်စီမှ ကော့ချွဲကျေးရွာသားဦးရေ၁၀ယောက်ကို ဓားစာခံပြုလုပ်ခဲ့ပြီး နှစ်ယောက်ကို ပစ်သတ်ခဲ့ ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမမှ သီးခြားအတည်မပြုနိုင်သေးပါ။

#Mizzima

#ကရင်ပြည်နယ်

#တပ်မာ(၆)ထိန်းချုပ်နယ်မြေ

#ဝေါလေမြိုင်ဒေသ

#စစ်ကောင်စီတပ်ထိုးစစ်ဆင်

#KNLAပူးပေါင်းတပ်

#ဒေသခံစစ်ရှောင်များ

#ရိက္ခာနှင့်ဆေးဝါးအရေးပေါ်လိုအပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required